မန္တလေး ၁၈ ဖေဖော်ဝါရီ 

 

မန္တလေးမြို့ ၆၆ လမ်း ကျုံးအရှေ့ဘက်ခြမ်းရှိ ပလပ်ဖောင်းအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်လျှက်ရှိပြီး သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

15

 

အဆင့်မြှင့်တင်ရာတွင် ၁၉ လမ်းမြောက်ဖက်ခြမ်း အခြေခံကွန်ကရစ်လောင်းခြင်းပြီးစီးပြီဖြစ်ကာ ထပ်မံ၍ အပူဒဏ်ခံနိုင်သည့် ကြွေပြားများခင်းခြင်း ပြုလုပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

16

 

" သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ။ အပူဒဏ်ကြောင့် ကျုံ့တာ ကြွတာတွေကို တွက်ချက်ပြီး ကြွေပြားခင်းဖို့လည်း လုပ်နေပါတယ် ။ " ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

17

 

၆၆ လမ်း ကျုံးအရှေ့ဘက်တွင် ပြုလုပ်မည့် ပလက်ဖောင်းဒီဇိုင်းနှင့် ပတ်သက်၍ ပြည်သူများထံမှ ဆန္ဒသဘောထားကောက်ယူ၍ ရရှိလာသည့် ဆန္ဒသဘောထားအတိုင်း စတီးကြိုး အကာရံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ဧဒင်ကုမ္ပဏီက အကုန်အကျခံ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျုံးတောင်ဘက် လက်ရန်းနှင့် ကျုံးတောင်ဘက် ၊ နောက်ဘက် ပလပ်ဖောင်းများ အဆင့်မြှင့်တင်ခြင်းကို ငွေကျပ်သိန်း ၄၀ဝ၀ အကုန်အကျခံကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကော်မတီက လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျုံးမြို့ရိုးတောင်ဘက်တွင် လုပ်ဆောင်မည့် မန်းသီတာဥယျာဉ်အတွက် ဘတ်ဂျက်ငွေ ကျပ်သိန်း ၃၄၅၀ ရရှိခဲ့ပြီး မန်းသီတာဥယျာဉ်ကို အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဘတ်ဂျက်များကို ကျုံးလက်ရန်းများ လဲလှယ်ခြင်းနှင့် ပလပ်ဖောင်းများအဆင့်မြှင့်တင်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

ကျုံးဘေး ပလပ်ဖောင်းများမှာ အက်ကွဲနေပြီး ၂၀ဝ၆ ခုနှစ်ကတည်းက ကာရံထားသည့် လက်ရန်းများမှာလည်း မကြာခဏ ပြုတ်ထွက်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည်။ 

 

ပလပ်ဖောင်းများကိုလည်း ၁၉၉၄ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ပြီး အပေါ်ယံ အလှအုပ်များမှလွဲပြီး ပြင်ဆင်ခြင်းမရှိသေးကြောင်း သိရသည်။

 

သူရိန်လင်း