ကလေး ၁၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ကလေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် စံပြကျေးရွာ ၊စီးစံကျေးရွာနှင့် ဟံသာကျေးရွာတို့ အတွက်မြစိမ်းရောင် ကျေးရွာစီမံကိန်း အရေင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်း ၃၀ဝ စီဖြင့် စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၉၀ဝ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ ဌာနအနေနဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲလိုဆောင်ရွက်ခဲ့ရာမှာ ကလေးမြို့နယ်အတွင်း အိမ်ခြေပေါင်း ၈၉၇၀၊ အိမ်ထောင်စုပေါင်း ၉၁၉၅၊ ချေးငွေစုစုပေါင်းငွေကျပ် ၁၀၅၀ သန်းကို ထုတ်ချေးပေး နိုင်ခဲ့ပါတယ် ”ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး (လက်ထောက် ညွှန်ကြားရေးမှူး) ဦးအောင်ကျော်မျိုးက ပြောသည်။
ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားလာသည်နှင့်အမျှ ဆင်းရဲမှု လျှော့ကျလာမည်ဖြစ်ကြောင်း မြစိမ်းရောင်ရန်ပုံငွေအား ရေရှည်တည်တံ့ခိုင်မြဲစွာ လည်ပတ်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ကာ လုပ်ငန်းနှစ်ပတ်လည် ဆွေးနွေးပွဲများ ပြုလုပ်ပြီး မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ တွေ့ကြုံလာရသည့် အခက်အခဲများကို ကော်မတီဝင်များဖြင့် ပူးပေါင်းအဖြေရှာကာ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သျှင်နေမင်း ( ဂန့်ဂေါ)


