ကော့ကရိတ် ၁၈  ဖေဖော်ဝါရီ    

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြည်သူ့အသံကြားနာခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(OSS) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

 

22

 

ဆွေးနွေးပွဲကို ကော့ကရိတ်မြို့ သွီးလူထုအခြေပြု လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (“Thwee” Community Development Network -TCDN) မှ တာဝန်ယူလုပ်ကိုင်နေသော ပြည်သူ့အခြေပြု တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စီမံအုပ်ချုပ်ဆိုင်ရာလုပ်ငန်းစီမံကိန်းမှ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ကော့ကရိတ်မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြပါသည်။

 

66

 

အဆိုပါ ဆွေးနွေးပွဲ ရည်ရွယ်ချက်မှာ “အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ပြည်သူများအကြား အချင်းချင်းချိတ်ဆက်နိုင်ရန်၊ နိုင်ငံသားများ၏ အခွင့်အရေးအရ ပူးပေါင်းပါဝင်ခွင့်ရရှိရေး၊ ပြည်သူ့ ဝန်ဆောင်မှုပေးနေသည့် ဌာနဆိုင်ရာ များ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုကို ရှင်းပြခြင်းဖြင့် အစိုးရနှင့်ပြည်သူ အသီးသီးမှ တာဝန်ယူမှု တာဝန်ခံမှုဖြစ်ထွန်းရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သွီးလူထုအခြေပြုလူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(TCDN) မှ တာဝန်ခံမန်းသိန်းဇော်က ရှင်းလင်း ပြောကြားခဲ့သည်။ 

 

77

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန် များကိုလည်းကောင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ကော်မတီနှင့် ခရိုင်ပြန်/ဆက်ဦးစီးမှူးတို့က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြရာ ဆွေးနွေးပွဲတက်ရောက်လာသူများက အခွန်စည်းကြပ်ကောက်ခံမှုများ၊ မြို့တွင်း လမ်း၊ တံတားများ တည်ဆောက်ပြုပြင်ခြင်းကိစ္စရပ်များ၊ မီတာကောက်ခံမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှု အခြေ အနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းလျာထားချက်များ၊ စွန့်ပစ်အမှိုက်များနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများ၊ ဒေသခံလူငယ်များဖွံ့ဖြိုးရေးအတွက် လူငယ်စင်တာ ဆောက်လုပ်ရန် စီမံကိန်းရေးဆွဲလျာထားမှု ရှိ/မရှိ စသည့် အချက်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားကြသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်စကားပြောကြားရာတွင် “ဆွေးနွေးပွဲများကို ကြိုဆိုပါကြောင်း၊ နောက်ပိုင်းဆွေးနွေးပွဲများတွင် ပြည်သူလူထုသိလိုသည့် လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနများကိုပါ ဖိတ်ကြားစေလိုကြောင်း ယနေ့ဆွေးနွေးပွဲရလဒ်မှ ပြည်သူလူထုနှင့်အတူ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပိုမိုရင်းနှီးမှုရလာသည်ဟု ယုံကြည်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တိုင်း အကြားအလပ်မရှိ ပြည်သူလူထုအားလုံးကို ဖိတ်ကြား၍ အသိပေးစေလိုကြောင်းကို ထပ်ဆင့်မှာကြား လိုကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း အစည်းအဝေးတိုင်းကို တက်ရောက်နားထောင်၍ ပါဝင်ဆွေးနွေး နိုင်ပါကြောင်း၊ နောင်တွင် လူငယ်များအနေဖြင့် မိမိရပ်ရွာဒေသအကျိုးအတွက် ပါဝင်ဆောင်ရွက်လိုပါက ပြန်/ဆက်ဦးစီးဌာနက ဆောင်ရွက်နေသည့် လူထုအခြေပြုဗဟိုဌာန(Community Centre)လုပ်ငန်းများတွင် ပူးပေါင်းပါဝင်၍ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူလူထုအသိပညာပေးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်ပါကြောင်း၊ လူငယ်များသာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်စေလို ကြောင်း” တိုက်တွန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 

(ခင်မျိုးဝင်း-ခရိုင်ပြန်/ဆက်)