(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

mdn

 

(က) မုန်တိုင်းငယ်အခြေအနေ

 

(၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိ အားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာကာ  မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့ (Maungdaw) ၏ အနောက်တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်မြောက်ဘက် ရေမိုင်(၈၀)မိုင်ခန့်၊ ကျောက်ဖြူမြို့ (Kyaukpyu) ၏ အနောက်မြောက်ဘက် ရေမိုင်(၁၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ အရှေ့တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂) မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 

(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ မုန်တိုင်းငယ် (Depression) သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု (၂၀.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်  လေဖိအား (၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင်(၃၀)မှ (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

 

(ဂ) နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်

 

အဆိုပါ မုန်တိုင်းငယ် (Depression) သည် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့ (Khepupara) အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

 

(ဃ) သတိပေးနှိုးဆော်ချက် 

 

သို့ဖြစ်ပါ၍ ယနေ့နံနက်မှ (၃.၈.၂၀၂၃) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းများ ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှမိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းများ ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၂)ပေမှ (၁၅)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။ 

 

(င) ယနေ့နံနက်မှ (၃.၈.၂၀၂၃) ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 

အကြံပြုချက် 

 

၂။ သို့ဖြစ်ပါ၍ မုန်တိုင်းငယ် (Depression) ၏အရှိန်နှင့် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းတို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

မိုး/ဇလ