ဩဂုတ် ၈

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၏အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ ဘိုလစ်ခမ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားကာ လူနှစ်ဦးသေဆုံးသွားခဲ့သည်။

အဆိုပါမြေပြိုမှုများသည်  နိုင်ငံအလယ်ပိုင်းပြည်နယ်များတွင် ရေကြီး ရေလျှံမှုများကြောင့် ရေဘေးသင့်သူများအား သက်ဆိုင်ရာအာဏာပိုင်များက ကူညီလုပ်ဆောင်ပေးနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏နေရာအနှံ့အပြားတွင် အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားကာ လူထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသတွင်းသက်ဆိုင်ရာအာဏာပိုင်များက ရေဘေးသင့်သူများအား အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိသည်ဟု သိရသည်။

ပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတဝန်ကြီးဌာနလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာနက ရာသီဉတုအခြေအနေကို စောင့်ကြည့်ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများနှင့်ပတ်သက်ပြီး သတိရှိကြရန် နိုင်ငံသားများအား ယမန်နေ့ကသတိပေးချက်များထုတ်ပြန်ကာ အကြံပြုတိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို