ဩဂုတ် ၈
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မော်တော်ယာဉ်တစ်စီးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသတွင်းနိုင်ငံရေးသမားတစ်ဦးအပါအဝင် လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ကပြောကြားသည်။
ယင်းဒေသဉက္ကဌနှင့်အခြားသူများစီးနင်း လိုက်ပါလာသောမော်တော်ယာဉ်သည် ထိုပြည်နယ်၏ ပန်ဂျဂါခရိုင်တွင် ကျင်းပသောမင်္ဂလာပွဲအခမ်းအနားမှပြန်လာစဉ် ယမန်နေ့ညနှောင်းပိုင်းက ဗုံးထိမှန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဗုံးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ထိုပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် မော်တော်ယာဉ်တစ်စီး လုံးဝပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့များက ယင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ပိတ်ဆို့ကာ တရားခံများအားဖမ်းဆီးရန် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြသည်။
ဗုံးဖောက်ခွဲတိုက်ခိုက်မှုသည် မည်သည့်အုပ်စု၊ မည်သူ၏လက်ချက်ဖြစ်သည်ကိုမူ မသိရှိရသေးကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


