ဩဂုတ် ၉
လာအိုနိုင်ငံတွင် မိုးများဆက်လက်ရွာသွန်းလျက်ရှိစဉ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် တာဝန်ရှိသူများက စိုးရိမ်စိတ်မြင့်မားလာပြီး ကြိုတင်ကာကွယ်ရေးစီမံချက်များ လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၂၅ ဦး ထပ်မံတွေ့ရှိခဲ့ရာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၆၆၂ ဦး အထိမြင့်တက်လာသည်ဟု လာအိုနိုင်ငံရှိကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း အော့ဒမ်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၈၅၉ ဦးရှိရာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေအတွက်အမြင့်မားဆုံးပြည်နယ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပတ်ဝန်းကျင်တွင် ရေအိုင်များရှိနေခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသည့် ခြင်ပေါက်ဖွားမှုများပြားလာစဉ် အထူးသဖြင့် မိုးရာသီကာလအတွင်း သတိရှိကြရန် ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံသားများအား တိုက်တွန်းပြောကြားသည်။
နိုင်ငံအတွင်းရှိ ကျန်းမာရေးတာဝန်ရှိသူများက နေအိမ်များနှင့် လုပ်ငန်းခွင်များအနီးဝန်းကျင်တွင် ဖြစ်နိုင်ချေရှိသည့် ခြင်ပေါက်ဖွားသောနေရာများကို ရှင်းလင်းလုပ်ဆောင်ခြင်းအပါအဝင် ကြိုတင်ကာကွယ်မှုအစီအမံများ ဆောင်ရွက်ရန်နှင့် ချက်ချင်းလုပ်ဆောင်ကြရန် ဒေသခံများအား တိုက်တွန်းပြောကြားထားသည်။
မြို့တော် ဗီယင်ကျန်းတွင် ယမန်နေ့က ယင်းရောဂါဖြင့် တစ်ဦးထပ်မံသေဆုံးခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူပေါင်း ၁၃ ဦး ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


