မင်းတုန်း ၁၈ ဖေဖော်ဝါရီ
ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း ကျေးရွာများတွင် လူထုဗဟိုပြု အခြေခံအဆောက်အဦလုပ်ငန်း(၁၈၄)ခုကို ငွေကျပ်(၁၈၁၀)သန်းအသုံးပြု၍ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူထံမှ သိရသည်။
လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်မှစတင်၍ကာ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ အားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုစတုတ္ထနှစ်စက်ဝန်းကာလ၌ လျာထားလုပ်ငန်း(၁၈၄)ခု အနက် လုပ်ငန်း(၁၁)ခု ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
“ စီမံကိန်းရဲ့ စတုတ္ထနှစ်စက်ဝန်းမှာ လမ်းလုပ်ငန်း(၅၁)ခု၊ တံတားလုပ်ငန်း(၅)ခု၊ ရေပေးရေးလုပ်ငန်း(၂၃)ခု၊ မီးလင်းရေးလုပ်ငန်း(၇၂)ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း(၁၀)ခု၊ ဘက်စုံသုံးခန်းမ(၁၆)ခု၊ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း(၇)ခုတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ လတ်တလောကတော့ လမ်းလုပ်ငန်း(၇)ခု၊ ရေပေးရေး လုပ်ငန်း(၁)ခု၊ မီးလင်းရေးလုပ်ငန်း(၃)ခုတို့ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နဲ့ စီမံကိန်းဝန်ထမ်းများရဲ့ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတွေ ရှိပါတယ်။ လုပ်ငန်းတွေ ကိုတော့ ကျေးရွာလူထုကိုယ်တိုင်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ စနစ်မျိုးဖြစ်ပါတယ် ” ဟု လူထု ဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဝင်းသူရက ရှင်းပြသည်။
လူထုဗဟိုပြုစီမံကိန်းဖြင့် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံး၌ စီမံကိန်းပထမနှစ်စက်ဝန်း၊ ဒုတိယ နှစ်စက်ဝန်းနှင့် တတိယနှစ်စက်ဝန်းတို့တွင် အခြေခံအဆောက်အဦလုပ်ငန်းခွဲ (၄၈၀)ခုကို စီမံကိန်းထောက်ပံ့ငွေကျပ် ၄၅၀၅ ဒသ မ ၃၁၇၂၉၉ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၉၀ ဒသမ ၅၄၂၁၅၈ သန်း၊ စုစုပေါင်းငွေကျပ် ၄၇၉၅ ဒသမ ၈၅၉၄၅၇ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီမံကိန်း မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)


