ဩဂုတ် ၁၁

တရုတ်နိုင်ငံမြောက်ပိုင်း Hebei ပြည်နယ်တွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယမန်နေ့ကအထိ ၂၉ ဦး သေဆုံးပြီး ၁၆ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

ထိုပြည်နယ်အတွင်းရှိ ခရိုင်များ၊ မြို့များနှင့် ခရိုင် ၁၁၀ တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုတို့ဖြစ်ပွားသဖြင့် ပျက်စီးမှုများပြားကြောင်း ယနေ့မနက်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားချက်အရ သိရသည်။

သဘာဝဘေးသင့်ဒေသများတွင် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနှင့် သောက်သုံးရေအပါအဝင် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

ယင်းပြည်နယ်သည် သဘာဝဘေးသင့်မှုကြောင့် စီးပွားရေး ယွမ် ၉၅ ဒသမ ၈၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၈ ဘီလီယံခန့်) ဆုံးရှုံးမှု ရှိခဲ့သည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် ယမန်နေ့ကအထိ လူပေါင်း ၃ ဒသမ ၈၉ သန်းရေဘေးသင့်ခဲ့ပြီး သီးနှံစိုက်ခင်းမြေဟက်တာပေါင်း ၃၁၉၇၀၀  ထိခိုက်ခဲ့သည်။ နေအိမ်အလုံးပေါင်း ၄၀၉၀၀ ပြိုကျခဲ့ပြီး နေအိမ်အလုံး ၁၅၅၅၀၀  ပျက်စီးမှုများပြားခဲ့သည်။ မူကြိုကျောင်း၊ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း ၁၁၅၀  ပျက်စီးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို