ဩဂုတ် ၁၁
ဟာဝိုင်အီရှိ မောအီကျွန်းတွင် တောမီးများလောင်ကျွမ်းမှုကြောင့် လူ ၅၃ ဦးထက်မနည်းသေဆုံးကြောင်း အာဏာပိုင်များက ယမန်နေ့က အတည်ပြုပြောကြားသည်။
အဆိုပါတောမီးလောင်ကျွမ်းမှုကိုဆက်လက်ငြှိမ်းသတ်လျက်ရှိရာ သေဆုံးသူ ၁၇ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူ ၅၃ ဦးရှိလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ တာဝန်ရှိသူများက သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာနိုင်သည်ဟု သတိပေးပြောကြားထားသည်။
ထိုနေ့အစောပိုင်းက သေဆုံးသူ ၃၆ ဦးရှိခဲ့သည်။ လာဟိုင်နာ၊ Pulehu နှင့် မောအီတို့တွင် မီးငြှိမ်းသတ်မှု လုပ်ဆောင်နေပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းပေးပို့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ၈၀ ရာခိုင်နှုန်း မီးငြိမ်းသွားပြီဖြစ်ကြောင်း ခရိုင်တာဝန်ရှိသူများက အစောပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ကမွန်းလွဲပိုင်းအထိ မီးလောင်မှုဖြစ်ပွားသည့်နေရာ ၃ ခုတွင် မီးလောင်မှုဖြစ်ပွားနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေများက ပြောကြားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ ဟာဝိုင်အီအတွက် ကြီးမားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြေညာချက်ကို ယမန်နေ့ နံနက်ပိုင်းက အတည်ပြုခဲ့သည်။
ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ်ဂရင်းသည် အပျက်အစီးများကိုဆန်းစစ်ရန်မောအီတွင်ရောက်ရှိနေပြီး လာဟိုင်နာရှိ တောမီးလောင်မှုဖြစ်ပွားသည့်နေရာ၌ ဂရင်းက ရုပ်သံလွှင့်ပြောကြားရာတွင် အဆောက်အအုံပေါင်း တစ်ထောင်ကျော် ပျက်စီးသွားဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


