နေပြည်တော် ဩဂုတ် ၁၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အကောင် အထည်ဖော်ရာ၌ အဟန့်အတားဖြစ်စေ၍ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် အကျိုးအမြတ်တွက်ချက်ပြီးကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်း လာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း နောက်ကျစေ မည်ဖြစ်ပါကြောင်း၊ ယခုရှင်းလင်းဆွေးနွေးပွဲမှရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိကိုယ်တိုင် သိရှိနားလည်ပြီး မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့ အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင်ပူးပေါင်း ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ဝန်ကြီးဌာနများသို့ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခန်းမအတွင်း ပြသထားရှိသည့် ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု ကာကွယ်တားဆီး ရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ရှင်းလင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဌာနခွဲများမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု၏သဘောသဘာဝ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာများနှင့်ပတ်သက်၍ သိကောင်းစရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားကာ အခမ်းအနား ကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)