မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား  ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်  ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်  တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများ အခမဲ့လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရာယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ထိုသို့   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   လာရောက်ဖူးမြော်ကြသည့် မြန်မာနိုင်ငံတစ်ဝန်းမှ  မိဘပြည်သူများ၏  ရင်တွင်းဝမ်းသာပီတိစကားသံများနှင့်  သာဓုအနုမောဒနာခေါ်ဆိုသံများကို ပြန်လည်ရေးသားဖော်ပြလိုက်ရပါသည်။

 

ဒေါ်သန်းသန်းဝင်း(ရန်ကုန်မြို့)

ဘုရားကြီး စတင်တည်ဆောက်ပူဇော် ကတည်းက ဖူးမြော်ချင်ခဲ့တာပါ။  ဘုရား ကြီးက  ကမ္ဘာပေါ်မှာရှိတဲ့    ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တယ်လို့ သိရတယ်။ ဘုရားကြီးကို ဖူးမြော်ခွင့် ပေးပြီလို့ သိရတဲ့အတွက် ရန်ကုန်ကနေ လာရောက်ဖူးမြော်တာပါ။ သတင်းစာတွေ၊ တီဗွီတွေကနေ ဘုရားကြီးကို  ဖူးမြော်ခဲ့ရပေမယ့် အခုလို ကိုယ်တိုင်ကိုယ်ကျ     ဖူးမြော် လိုက်ရတဲ့အခါ   ရင်ထဲမှာ   ပြောမပြတတ်အောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်။  ဘုရားကြီးကို ဖူးမြော်ကြည်ညိုပြီး မုစလိန္ဒကန်၊ ကျောက်စာရုံစေတီတွေနဲ့ နဂါးရုံဘုရားကိုလည်း သွားရောက်ဖူးမြော် ခဲ့ပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာရှိတဲ့   သုဓမ္မာဇရပ်တွေကို   ကျွန်းတိုင် တွေ အသုံးပြုပြီး  မြန်မာမှုလက်ရာတွေနဲ့ ရှေးမူမပျက် စနစ်တကျ ဆောက်လုပ်ထားတာကိုလည်း တွေ့ရတယ်။ အခုလို ကျယ်ကျယ် ဝန်းဝန်း  စနစ်တကျ တည်ဆောက်ထားတော့   ဘုရားဖူးလာကြသူတွေအနေနဲ့လည်း ဘုရားကြီးကိုဖူးမြော်ပြီး အေးအေးဆေးဆေး အနားယူ အပန်းဖြေလို့ရတာပေါ့။ ထူးကဲစွာ ဖူးတွေ့ ရမယ့်  မာရဝိဇယဘုရားကြီးကို ပြည်သူတွေ     လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

 

ကိုခိုင်မင်းသက် (ဇေယျာသီရိမြို့)

ဘုရားကြီးက  ကမ္ဘာမှာ  အကြီးဆုံး စကျင်ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တယ်လို့   သိရပါတယ်။   ဒါကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပမှုကို ပြနိုင်တဲ့အတွက်လည်း ပြည်သူ တစ်ယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျောက်စာရုံစေတီတွေအတွင်းမှာရှိတဲ့ ပိဋကတ် သုံးပုံ ကျမ်းစာတွေကို လေ့လာကြည့်ရှုပြီး ကျောက်စာရုံတွေကနေ ထွက်တဲ့အခါမှာ ဘုရားကြီးရဲ့ မျက်နှာတော်ကို တွေ့မြင် ဖူးမြော်ကြည်ညိုနိုင်ဖို့ စနစ်တကျ တွက်ချက်တည်ဆောက်ထားတာကိုတော့ ကျွန်တော့်အနေနဲ့ အင်မတန်မှ အံ့ဩမိပါ တယ်။ ဒီလိုတည်ဆောက်ထားတာကို ကျွန်တော့်တစ်သက်မှာ အခုမှတွေ့ဖူးတာပါ။ ရည်ရွယ်ချက်ကောင်းတွေနဲ့ တည်ဆောက်ပူဇော်ထားပြီး ကြည်ညို သပ္ပာယ်စရာကောင်းတဲ့  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို   ပြည်သူတွေ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

 

ဒေါ်နှင်းဆီ (ပျဉ်းမနားမြို့)

ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင် တည်ဆောက်ပူဇော်ကတည်းက ဖူးချင်နေခဲ့တာပါ။  ဘုရားကြီးကို ဖူးမြော်ခွင့် ပြုတဲ့အခါမှာလည်း  ဖူးမြော်ချင်လွန်းလို့ မနက်အစော ထမင်း၊ ဟင်းတွေထချက်ပြီး သုံးဘီးဆိုင်ကယ်နဲ့ လာရောက် ဖူးမြော်ကြတာပါ။ ရုပ်မြင်သံကြားမှာပဲ ဖူးမြော်ခဲ့ရတဲ့ ဘုရားကြီးကို   အခုလက်တွေ့ မျက်မြင်ဖူးတွေ့လိုက်ရတဲ့အတွက် ရင်ထဲ ဆန္ဒတွေပြည့်ဝသွားသလို ဒီနေ့ကတော့ အပျော်ဆုံးနေ့လည်း ဖြစ်သွားပါတယ်။ ဘုရားဖူးတွေ အေးအေး ဆေးဆေးနားနေဖို့  အဆောင်တွေကိုလည်း စနစ်တကျ ထည့်သွင်းထားတဲ့အတွက် ဘုရားဖူးရင်း အတူလာခဲ့တဲ့ အိမ်နီးချင်း မိသားစုတွေနဲ့ အနားယူအပန်းဖြေဖြစ်ခဲ့ကြပါတယ်။ နောက်တစ်ခါ လာရောက်ဖူးမြော်ဦးမှာ ပါ။ ဒီလိုမျိုး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးကြတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ဗုဒ္ဓဘာသာဝင်တွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်။

 

 

ကိုဖြိုးကိုကို (တပ်ကုန်းမြို့)

မာရဝိဇယဘုရားကြီးကို  ဖူးမြော်ခွင့် ပြုနေပြီလို့ သိရတဲ့အတွက် ကျွန်တော်တို့ သူငယ်ချင်း   မိသားစုတွေစုပြီး  မအားတဲ့ ကြားက တကူးတကလာရောက်ဖူးမြော်ကြတာပါ။  အခုလို ဘုရားကြီးကို မျက်မြင်ကိုယ်တွေ့    လာရောက်ဖူးမြော်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဘုရားကြီးက  နေပြည်တော်အတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ် မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ   ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီးဖြစ်တာကြောင့်  မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာခဲ့သလို ဘာသာသာသနာအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့     ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။ ဘုရားကြီးကို နေပြည်တော်က ဒေသခံတွေအပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဘုရားဖူးပြည်သူတွေ တစ်ခဲနက်  လာရောက်ဖူးမြော်ကြတာလည်း တွေ့ရပါတယ်။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကိုဖူးမြော်ပြီး နေပြည်တော်က အထင်ကရနေရာတွေကိုလည်း လာရောက်လည်ပတ်ကြပါလို့ ပြောချင်ပါတယ်။

 

ဒေါ်မြင့်မြင့်သိန်း (ပုဗ္ဗသီရိမြို့)

ကျွန်မတို့ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် ကြီးတွေထဲမှာ   ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်မြတ်ကြီးကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်ရတာ  အလွန်သပ္ပာယ်ကြည်ညိုစရာ ကောင်းပါတယ်။ အခုလို ရုပ်ပွားတော်မြတ်ကြီးကို ခမ်းနားထည်ဝါစွာ ထုဆစ်ပူဇော်နိုင်တဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို  တီဗွီမှာဖူးမြော်ရတာနဲ့ အပြင်မှာကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ရတာ အလွန်ကွာခြားလှပါတယ်။ ကျောက်စာရုံစေတီ တွေမှာလည်း ပိဋကတ်သုံးပုံကျမ်းစာတွေ ကို ရေးထိုးထားတာကိုလည်း အံ့မခန်းတွေ့ရပါတယ်။  မုစလိန္ဒကန်နဲ့ နဂါးရုံဘုရားကိုလည်း သွားရောက်ဖူးမြော်နေကြတာကို တွေ့ရပါတယ်။  ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ  လာရောက်ဖူးမြော်ကြပြီး ကုသိုလ်ဘာဝနာပွားများကြဖို့ တိုက်တွန်းချင်ပါတယ်။

တွေ့ဆုံမေးမြန်- လုလင်ငယ်

ဓာတ်ပုံ- လုလင်ပျို