နေပြည်တော်  ၁၈  ဖေဖော်ဝါရီ 

 


မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ရေးအတွက် အကြို ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။ 

 


အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်လှထွန်း က မိမိတို့နိုင်ငံတွင် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်အက်ဥပဒေရှိသော်လည်း ခေတ် ကာလနှင့် မလျော်ညီတော့သည့်အတွက် WIPO ကွန်ဗင်းရှင်းများနှင့်အညီ ပြန်လည် ရေးဆွဲခဲ့ပါကြောင်း၊ ယခုအခါ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ ကိုလည်း မကြာခင် အတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာပေနှင့် အနုပညာဆိုင်ရာမူပိုင်ခွင့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို စနစ်တကျ ကျင်းပ လိုပါကြောင်း၊ ထို့ကဲ့သို့ စနစ်တကျ ဆွေးနွေးသွားနိုင်ရန် ယနေ့တွင် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပခြင်းဖြစ်ပါကြောင်း။

 


မိမိတို့နိုင်ငံတွင် မူပိုင်ခွင့်နှင့် ပတ်သက်၍ အသိပညာ၊ ဗဟုသုတနည်းပါးခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ အခြားသူ၏ မူပိုင်ခွင့်ကိုအမှတ်မထင် ချိုးဖောက်မိတတ်ကြ သကဲ့သို့ မိမိ၏ မူပိုင်ခွင့် ချိုးဖောက်ခံရပါကလည်း မေ့လျော့နေတတ်ကြပါကြောင်း၊ မူပိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းပြီးသည့်အခါ Collective Management Organization (CMO) ကိုဖွဲ့စည်းပြီးစာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းစီမံခန့်ခွဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးပါက နည်းဥပဒေရေးဆွဲနိုင်ရန် အတွက်လည်း သက်ဆိုင်ရာကဏ္ဍများမှ တာဝန်ရှိသူအားလုံးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။ 

 


ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် က မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုဆွေးနွေးသည်။ 

 


ယင်းနောက်  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မူပိုင်ခွင့်နှင့် ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး သည်။ 

 


ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးအောင်မြင့်နိုင်၊ ဥပဒေများစိစစ်အကြံပြုရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူခိုင်၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းအတွင်းရေးမှူး ဦးသိမ်းစိုး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွဲဖက် အတွင်း ရေးမှူး (၁)ဦးဇော်မြင့်ဦး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ နိုင်ငံတကာဆက်ဆံရေးမှူး ဦးမျိုးဆွေ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး မြန်မာပြည် ကျောက်စိမ်း၊ မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံးမှ နိုင်ငံတကာဆက်ဆံရေးမှူး ဦးမိုးကျော်သန့်၊ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း(MPRO)ဒုတိယဥက္ကဋ္ဌ ဦးမြင့်မိုးအောင်၊ မူပိုင်ခွင့် ဥပဒေပညာရှင် ဦးသိန်းအောင်နှင့် ဦးသန်းမောင် (စစ်တွေ) တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။  

 


မွန်းတည့် ၁၂ နာရီတွင်    ဒုတိယဝန်ကြီး၊ ဦးအောင်လှထွန်းသည် ထိုင်းနိုင်ငံ သတင်းစာဆရာအသင်း (Thai Journalists Association - TJA) ၏ Vice President ဖြစ်သူ Miss Kornchanok Raksaseri ဦးဆောင်သောအဖွဲ့အား   ဝန်ကြီးရုံး  ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံသည်။  

 

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လက်ရှိသတင်းမီဒီယာကဏ္ဍအခြေအနေ၊ ဖြစ်ပေါ် တိုးတက်မှုများ၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ် မှုများ၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများ၏ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာသင်တန်းပို့ချရေးကိစ္စရပ်များတွင် အကူအညီပေးရေး စသည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

 


(သတင်းစဉ်) 

 

a