ဩဂုတ် ၁၄

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း မြို့တော်ရှီအန် ဆင်ခြေဖုံးတွင် ဩဂုတ် ၁၁ ရက် ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၁ ဦးရှိလာပြီး အခြားခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ယမန်နေ့ကပြောကြားသည်။

အဆိုပါအဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ချန်အန်ခရိုင်၏အစွန်အဖျားကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့သည်ဟု ရှီအန်အရေးပေါ်စီမံခန့်ခွဲမှုဌာနက ဆိုသည်။

လူ ၉၈၀ ကျော် ပါဝင်သောရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ၁၄ ဖွဲ့ဖြင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ထိုအဖွဲ့များသည် အသက်ကယ်ကိရိယာများ၊ ဂြိုလ်တုဖုန်းများနှင့် မြေတူးစက်များကဲ့သို့သော ပစ္စည်းကိရိယာများကို ယူဆောင်လာခဲ့ကြသည်ဟု သိရသည်။

 

ထိုမြေပြိုမှုကြောင့် လူနေအိမ်နှစ်လုံး၊ လမ်းမများ၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး အဆောက်အအုံများ ပျက်စီးခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ ကယ်ဆယ်ရေးသမားများက ပျက်စီးသွားသော လမ်းများနှင့်အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ ယာဉ်သွားလာမှု၊ လျှပ်စစ်မီးရရှိမှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြန်လည်စတင်နိုင်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို