စစ်ကိုင်း ၁၈  ဖေဖော်ဝါရီ

 

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီး ရင်ပြင်တော်ပေါ်၌တည်ထားမည့် ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး အောင်မြင်စွာ ပင့်ဆောင်သယ်ယူနိုင်ရေး သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရထံမှ သြဝါဒခံယူပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဘုရားကြီးရင်ပြင်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သြဝါဒခံယူပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးက ယခု ကောင်းမှုတော် စေတီတော်မြတ်ကြီးကို ရှေးမူမပျက် တင့်တယ်သပ္ပါယ်စွာ အများပြည်သူများ ကြည်ညိုဖူးမျှော်နိုင်ရန် အဖြူရောင်သင်္ကန်းတော် ပြန်လည်ကပ်လှူနေသည့် လုပ်ငန်းများတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်၊ မည့်သည့်အကြောင်းကိစ္စနှင့်မျှ တိမ်းစောင်းမသွားအောင် ဆောင်ရွက်စေလိုကြောင်း မိန့်ကြားခဲ့ပြီး တာဝန်ယူ ဆောင်ရွက်နေသည့် အောင်ပြည်တန်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ ကို လျှောက်ထားခဲ့သည်။

 

ထို့နောက် ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး တည်ထားနိုင်ရန်အတွက် စင်တော်ဆောက်လုပ်နေမှု အခြေအနေများကို မန္တလေးမြို့ တမ္ပဝတီဦးဝင်းမောင်က လျှောက်ထားတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကသာခရိုင်အတွင်းမှ စစ်ကိုင်းမြို့သို့ သယ်ယူပင့်ဆောင်ပူဇော်လာမည့် လမ်းကြောင်းအခြေအနေများ၊ ရပ်နားမည့် မြို့များတွင် တရားပွဲတော်များ ဆောင်ရွက်သွားမည့် အခြေအနေနှင့် သက်မှတ်ရက်အတွင်း အန္တရာယ်ကင်းစွာ သယ်ယူဆောင်ရွက်မည့် အခြေအနေများကို လျှောက်ထားခဲ့သည်။

 

အဆိုပါ စည်တော်ကြီးကို လာမည့် မတ်လ ၁၉ ရက် ညနေပိုင်းတွင် ကောင်းမှုတော်ဘုရားကြီး ရင်ပြင်တော်ပေါ်၌ တည်ထားနိုင်မှာဖြစ်ပြီး မတ် ၂၀ ရက်၊ တပေါင်းလပြည့်နေ့တွင် ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်သင်္ကန်း ကပ်လှူပြီးမြောက်မှုအတွက် ဘုရာအနေကဇာတင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် လက်ပန်ကုန်းကျေးရွာ၌ မြန်မာမှုပညာရှင် ဆရာပွဲက မဟာဗုဒ္ဓဝင် ရုပ်လုံး/ရုပ်ကြွများဖြင့် ထွင်းထုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)

 

KMT