ဆစ်ဒနီ ဩဂုတ် ၁၄
ဆစ်ဒနီမှ မလေးရှားနိုင်ငံသို့ ပျံသန်းလာသောနိုင်ငံတကာလေကြောင်း အရေးပေါ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ခရီးသည်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ (အေအက်ဖ်ပီ) က ဩဂုတ် ၁၃ ရက်တွင်ပြောသည်။
အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို အေအက်ဖ်ပီက ဖမ်းဆီးထားကြောင်းနှင့် လက်ရှိတွင် ခရီးသည်များကို လေယာဉ်ပေါ်မှရွှေ့ပြောင်း ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြ ထားသည်။ အဆိုပါ ခရီးသည်ကို ဩဂုတ် ၁၃ ရက် နှောင်းပိုင်းတွင် စွဲချက်တင်သွားဖွယ် ရှိကြောင်း သိရသည်။ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၆ မိနစ် ဝန်းကျင်တွင် အာဏာပိုင်များအနေဖြင့် ဆစ်ဒနီ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အရေးပေါ် မတော်တဆမှုတစ်ခုကို တုံ့ပြန်ဆောင်ရွက်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က၎င်း၏လူမှုကွန်ရက်အကောင့် တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ မတော်တဆမှုဖြစ်ရပ်ကြောင့် ပြည်တွင်းလေကြောင်းလိုင်း ၃၂ ခုကို ဖျက်သိမ်းလိုက်ကြောင်းနှင့် အခြား သော ပြည်တွင်းလေကြောင်းလိုင်းများမှာလည်း မိနစ် ၉၀ အထိ ပျံသန်းပြေးဆွဲမှုနှောင့်နှေး ကြန့်ကြာခဲ့ကြောင်း ဆစ်ဒနီလေဆိပ်က အတည် ပြုခဲ့သည်။
မလေးရှား လေကြောင်းလိုင်းအမှတ် MH172 မှာ ကွာလာလမ်ပူသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် ပျံသန်းထွက်ခွာလာခဲ့ သော်လည်းနောက်ပိုင်းတွင် လေယာဉ်ကို လမ်းကြောင်း ပြောင်းကာ ဆစ်ဒနီသို့ ပျံသန်းခဲ့ ကြောင်း အချိန်နှင့်တစ်ပြေးညီ လေကြောင်း ခြေရာခံ Flightradar24 ၏ ထုတ်ပြန်ချက်အရသိရသည်။
မလေးရှားသတင်းဌာန အာနာမာဏ လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးက ဖျက်လို ဖျက်ဆီးပြုလုပ်မှုကြောင့် နောက်ကြောင်း ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံဖော်ပြ ထားသည်။ ခရီးသည် ၁၉၄ ဦးနှင့် လေယာဉ် အမှုထမ်း ငါးဦးပါသော အဆိုပါလေယာဉ်သည် ဒေသ စံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၇ မိနစ်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
ဆင်ဟွာ


