ဩဂုတ် ၁၅
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၃၁၈၀ ရှိကြောင်း ပြည်တွင်း ဗီယက်နမ်နယူးစ်သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၇ ဆ မြင့်မားလာသည်ဟု သိရသည်။
ဗီယက်နမ်နိုင်ငံအတွင်း လူဦးရေသိပ်သည်းမှုနှင့် ကူးစက်မှုနှုန်းမြင့်မားလာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားလာနိုင်သည်ဟု အမျိုးသား ငှက်ဖျား၊ ကပ်ပါးနှင့် ဇီဝဗေဒသိပ္ပံလက်အောက်ရှိ ပိုးမွှားဗေဒဌာန၏ အကြီးအကဲ ငုယင်ဗန်ဒွန်က ပြောကြားသည်။
ဟနွိုင်းရောဂါထိန်းချုပ်ရေးစင်တာ(CDC)က မကြာမီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေ ဆိုးရွားလာမည်ဖြစ်ကြောင်းခန့်မှန်းထားသည်။ သို့ရာတွင် ထိုရောဂါဖြစ်ပွားမှုသည် ပြီးခဲ့သည့်နှစ်များထက်စော၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ထိုသတင်းစာတွင် ဖော်ပြထားသည်။
ဟနွိုင်းမြို့တော်တွင် နှစ်စဉ် အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်းကြားကာလတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလေ့ ရှိသည်။ သို့ရာတွင် ယခုနှစ်တွင် ပုံမှန်ထက်စော၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်မားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ယခုနှစ်အစပိုင်းမှလက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၇၃၀၀ နီးပါးရှိပြီး ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ပြည်နယ်နှင့်မြို့တော် ကျန်းမာရေးဦးစီးဌာနများသို့ ရောဂါဖြစ်ပွားမှုကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများပိုမိုအားကောင်းစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှု စီစဉ်ပေးရန် ဒေသတွင်းပြည်သူများ၏ ကော်မတီများသို့ တင်ပြရန်မေတ္တာရပ်ခံပန်ကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


