နေပြည်တော်  ၁၈  ဖေဖော်ဝါရီ

 

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအနေဖြင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့ပြီး ပြပွဲဗဟိုကော်မတီ၏ ကြီးကြပ်မှုနှင့် လုပ်ငန်းကော်မတီများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခင်ကျင်းပ ပြီးစီးခဲ့သည့်ပြပွဲများတွင် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ကျောက်မျက်ရတနာလုပ်ငန်းရှင် များနှင့် ကျောက်အတွဲဝယ်ယူမည့် ရတနာကုန်သည်များအနေဖြင့် ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်သွားရန်နှင့် ကျင်းပပြီး ပြပွဲများ ၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်၍ အားနည်းချက်များကို ပြုပြင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

ကျောက်မျက်ရတနာ၏ သဘောသဘာဝသည် ပြန်လည်အစားထိုးထုတ်လုပ်မရနိုင်သော သယံဇာတများဖြစ်သည့်အတွက် ဈေးကွက်အရ ဝယ်လိုအားနှင့် ရောင်းလိုအားကို ချင့်ချိန်၍ ဈေးကောင်းရရှိရေး ထိန်းချုပ်ရောင်းချနိုင်ရန် လိုအပ်ပါကြောင်း၊ စနစ်တကျ ထိန်းချုပ်ရောင်းချနိုင်ပါက ပိုမိုဈေးကောင်းရရှိပြီး ဈေးကွက်လည်း ပိုမိုခိုင်မာလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ကျောက်မျက်ရတနာ များကို အရိုင်းအတိုင်းရောင်းချခြင်းထက် အချောထည်များ ပိုမိုထုတ်လုပ် တင်ပြရောင်းချ နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း။

 

ရတနာပြပွဲများကို နိုင်ငံတကာအဆင့်မီ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ များအနေဖြင့် ကျင်းပပြီးသည့် ပြပွဲများထက် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန် ကောင်းမွန်သောအကြံပြုချက်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ထို့နောက် စီမံရေးရာလုပ်ငန်းကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက် မျက်လုပ်ငန်းကော်မတီ၊ ပုလဲလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများက ပြပွဲကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည် ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းနှင့် ပုလဲအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

KZH