နေပြည်တော် ၁၈ ဖေဖော်ဝါရီ
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏(၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဗဟိုလုပ်ငန်းအဖွဲ့ အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ယုံကြည်စိတ်ချစွာလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ဗဟိုလုပ်ငန်းအဖွဲ့အနေဖြင့် ရှေ့ဆက်၍ လက်ရှိအထူးစီးပွားရေးဇုန်များ၏ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အထူးစီးပွားရေးဇုန်များ ထပ်မံ၍ တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်ခွဲမှုကော်မတီများ၏ လက်ရှိဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို ပေါင်းစပ်ညှိနှိုင်း၍ အချိန်နှင့် တစ်ပြေးညီ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက (၁/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြောကြားပြီး သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။
(သတင်းစဉ်)


