ဩဂုတ် ၁၇

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် လွန်ခဲ့သော သုံးရက်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ၇၁ ဦး ရှိလာကြောင်း ထိုပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

အဆိုပါပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့အကြီးအကဲက ပြည်နယ်အတွင်းရှိ ရေဘေးသင့်

ဒေသများတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး လာမည့်ရက်များအတွင်း သေဆုံးသူဦးရေနှင့် ပျက်စီးဆုံးရှုံးမှုခန့်မှန်းချက်များ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်အတွင်း လူသေဆုံးမှုနှင့် ဉစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုသည် ဇူလိုင်လအတွင်း ပျက်စီးဆုံးရှုံးမှုထက်ပိုများကြောင်း ၎င်းက ပြောသည်။

ဇူလိုင်လ ၁၃၊ ၁၄ နှင့် ၁၅ ရက်များတွင် ပစ္စည်းဉစ္စာများဆုံးရှုံးခဲ့ပြီး သေဆုံးသူဦးရေ ၇၁ ဦးရှိရာ ဇူလိုင်လအတွင်းဆုံးရှုံးမှုထက် ပိုမိုးများပြားခဲ့သည်ဟုသိရသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ယခုအခါ နိုင်ငံသားများပါဝင်နေကြောင်းနှင့် အသေးစိတ်ခန့်မှန်းချက်ကို အချိန်ယူလုပ်ဆောင်ရမည်ဖြစ်သဖြင့် ခန့်မှန်းခြေအားဖြင့် ပိုမိုများပြားလာနိုင်ကြောင်း ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာတွင် ဖော်ပြထားသည်။  လူပေါင်း ၂၅၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။

ထိုပြည်နယ်အစိုးရက ကျောင်းသားများ ဘေးကင်းစေရန်အတွက်  ပညာရေးဌာနအားလုံးပိတ်ထားရန် ဩဂုတ်လ ၁၇ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

မြေပြိုမှု၊ ရေကြီးမှု စသည့်ဆိုးရွားသောရာသီဥတုကြောင့် ထိုပြည်နယ်တွင် ပြီးခဲ့သောရက်များက စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို