ဩဂုတ် ၁၇
ကမ္ဘောဒီးယားနိုင်ငံမှဆန်တန်ချိန် ၁၂၅၀၀၀အားအင်ဒိုနီးရှားနိုင်ငံကဝယ်ယူရန် သဘောတူညီခဲ့သည်ဟု ကမ္ဘောဒီးယား နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပန်ဆိုရတ်နှင့် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေသော အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးတို့ ဖနောင်ပင်တွင်တွေ့ဆုံခဲ့ပြီးနောက် ထိုသတင်းကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်တွေ့ဆုံမှု၏အကျိုးရလဒ်အရ ဆန်ဖြူတန်ချိန် ၁၀၀၀၀၀ နှင့် ဆန်မွှေးတန်ချိန် ၂၅၀၀၀ အပါအဝင် ဆန်တန်ချိန် ၁၂၅၀၀၀ ဝယ်ယူရန် အင်ဒိုနီးရှားနိုင်ငံကသဘောတူညီခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
စျေးနှုန်းအခြေအနေနှင့်ပတ်သက်ပြီး များမကြာမီကာလအတွင်း နှစ်ဖက်ဆက်လက်ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမခုနစ်လအတွင်း နိုင်ငံနှင့်ဒေသ ၅၀ ကျော်သို့ ဆန်တန်ချိန် ၃၆၂၇၀၈ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၇ သန်းဝင်ငွေရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


