နေပြည်တော် ၁၈ ဖေဖော်ဝါရီ
Nice Way General Services Co., Ltd၊ Htet Mann Co., Ltd နှင့် ShweLannPwint Co., Ltd တို့မှ ထိုင်းနိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းသို့ စေလွှတ် ထားသော အလုပ်သမားအမျိုးသား ၂၄၅ ဦး၊ အမျိုးသမီး ၆၁ ဦး၊ စုစုပေါင်း ၃၀၆ ဦးအနက် အမျိုးသား ၅၂ ဦးသည် ဇန်နဝါရီ ၃၀ ရက်ကတရားမဝင်လမ်းကြောင်းမှ တစ်ဆင့် မြဝတီမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ အလုပ်သမား ၅၂ ဦးသည် သုဝဏ္ဏဘူမိလေဆိပ်ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ တစ်လခန့် လုပ်ကိုင်ပြီးချိန်တွင် လုပ်ခလစာပေးချေရန် နောက်ကျမှုအပေါ် အလုပ်သမားသံအရာရှိရုံး၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ ချုပ်ရုံးနှင့် သက်ဆိုင်ရာအေဂျင်စီတို့ထံ တစ်စုံတစ်ရာအသိပေးအကြောင်းကြားမှုမရှိဘဲ ထိုင်းနိုင်ငံရှိတရားမဝင် အဖွဲ့အစည်းများ၏ လွဲမှားသောလမ်းညွှန်မှုကိုခံယူ၍ လုပ်ကိုင် နေဆဲအလုပ်များကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်းမရှိဘဲလုပ်ငန်းခွင်မှ ထွက်ခွာသွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လုပ်ငန်းခွင်၌ ကျန်ရှိခဲ့သည့် အလုပ်သမားများအားအလုပ်ရှင်မှ အခြားအလုပ် ဆိုက်များသို့ ပြောင်းရွှေ့လုပ်ကိုင်စေခဲ့ပြီးSamutprakan မြို့၌ လုပ်ကိုင်နေသည့် အလုပ်သမားများသည် တစ်နေ့လျှင် ဘတ် ၃၅၀ ၊ Chonburi မြို့၌ လုပ်ကိုင်နေသည့် အလုပ်သမားများသည် တစ်နေ့လျှင် ဘတ် ၃၃၀ နှင့် Saraburi မြို့၌ လုပ်ကိုင်နေသည့် အလုပ်သမားများသည် တစ်နေ့လျှင် ဘတ် ၃၂၀ ရရှိ၍ လုပ်ငန်းခွင်များ၌ အဆင်ပြေစွာ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ အလုပ်သမားများလုပ်ငန်းခွင်မှ ထွက်ခွာသွားမှုအပေါ် အလုပ်ရှင်နှင့် သက်ဆိုင်ရာအေဂျင်စီတို့မှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ လူပျောက်တိုင်ကြားခြင်း များကို ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်၌ ပြဿနာဖြစ်ပွားပါကတရားဝင် စေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ထံ ဆက်သွယ်အကြောင်း ကြား၍ ဖြေရှင်းစေနိုင်ပြီး ညှိနှိုင်းဆောင်ရွက် နိုင်မှုမရှိပါက အလုပ်သမားသံအရာရှိများထံ အကူအညီတောင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
အလုပ်သမားများ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာမှုအပေါ် မြဝတီမြို့၊ ရွှေ့ပြောင်းအလုပ်သမားရုံးတာဝန်ခံ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြဝတီမှ ဦးစီးအရာရှိနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြဝတီမြို့ရှိလူမှု အဖွဲ့အစည်းများနှင့်အတူ သက်ဆိုင်ရာ အေဂျင်စီများနှင့် အလုပ်သမားများကိုဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် ညှိနှိုင်းပေးခဲ့ရာအလုပ်သမားများမှ လုပ်အားခကျန်ငွေ၊ ကုန်ကျစရိတ်ငွေနှင့် နစ်နာ ကြေးငွေများတောင်းဆိုခဲ့မှုအပေါ် အေဂျင်စီများမှ လုပ်ငန်းခွင် မှန်ကန်စွာ စေလွှတ် ခဲ့ခြင်းဖြစ်၍ ကရုဏာကြေးအဖြစ် ခရီးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်း ခွင်၌ ရရန်ကျန်ရှိခဲ့သည့် လုပ်အားခများအား ပြန်လည်ရရှိရန် ထိုင်းနိုင်ငံ ဥပဒေနှင့် အညီကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့မှုအပေါ် ပြေလည်မှုမရသဖြင့် နှစ်ဘက်အပြန်အလှန် တရားစွဲဆို နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ပါ အချက်များကိုအလုပ်သမားများမှ ဖောက်ဖျက်ပါကနစ်နာမှုများကိုလျော်ကြေးပေးရန်မဟုတ်ဟုထိုင်းနိုင်ငံ၊ ပဋိဉာဉ်ဥပဒေ၌ ပြဋ္ဌာန်းထားပြီးထိုင်းနိုင်ငံ၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၁၁၈ အရအလုပ်သမားများ၏ နစ်နာမှုများကိုတရားစွဲဆိုတောင်းဆိုခွင့်ရှိသကဲ့သို့ ပုဒ်မ ၁၁၉ အရအလုပ်ရှင်၏လုပ်ငန်းပျက်စီးဆုံးရှုံးများအတွက် နစ်နာမှုကိုတရားစွဲတောင်းဆို ပိုင်ခွင့် ရှိကြောင်းသိရသည်။
ယခုဖြစ်စဉ်မျိုးမဖြစ်ပွားစေရေး ပြည်ပသို့ သွားရောက်လုပ်ကိုင်သူများအနေဖြင့် ကြိုတင် လေ့လာသိရှိရေးနှင့် သိရှိလိုသည်များကို အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးများ၊ Migrant Resource Center များသို့ စုံစမ်းလေ့လာမေးမြန်းမှုများ ပြုလုပ်နိုင်ကြောင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


