၁၉ ဖေဖော်ဝါရီ
ရှေးစာဆိုတော်ကြီး နဝဒေးသည် ဆယ့်နှစ်လရာသီဘွဲ့လူးတားများ စပ်ဆိုခဲ့ရာတွင် တပို့တွဲလနှင့် ပတ်သက်၍ “ပေါက်လဲဆူးပန်း၊ ကြိုင်မွှန်းပျံ့လ၊ ရာသီကုံလ၊ နက္ခတ်မာသ၊ သာလတပို့တွဲ၊ လှူမြဲယာဂု၊ နွေရောက်မသော်” စသည်ဖြင့် စပ်ဆိုခဲ့သည်။ ထို့ကြောင့် တပို့တွဲလသည် ရာသီအားဖြင့် ကုံရာသီဖြစ်ပြီး ယင်းလရာသီသို့ ရောက်ပါက ပေါက်လဲဆူးပန်းများ လှိုင်လှိုင်ပွင့်ကြ၍ ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်လဲပန်းရနံ့များ ထုံမွှမ်းသင်းပျံ့လျက်ရှိသည်။ ပေါက်လဲပန်းဆိုသည်မှာ ပေါက်ပန်းနှင့် လဲပန်းပင်တို့ဖြစ်ပြီး ပေါက်ပန်းမှာ ပေါက်ပင်မှ ပွင့်သောပန်းဖြစ်၍ ယင်းပန်းပွင့်မှာ ကျေးငှက်တို့၏ နှုတ်သီးအရောင်ပမာ နီရဲနေသောကြောင့် ပေါက်ပင်တွင် ကျေးငှက်တို့ နားနေပါက ပေါက်ပွင့်နှင့် ကျေးငှက်တို့ ခွဲခြားမရအောင် တူနေသည်။ လဲပန်းမှာ လက်ပံပင်မှ ပွင့်သောပန်းဖြစ်၍ လဲပန်းဟုခေါ် ကြသည်။ လက်ပံ သို့မဟုတ် လဲပန်းတို့သည် တပို့တွဲလ၌ နီရဲစွာ အစီအရီ ပွင့်လေ့ရှိသည်။ လက်ပံ သို့မဟုတ် လဲပန်းအပွင့်မှာ နီရဲသော အရောင်ရှိသည့်အပြင် ယင်း၏ ပန်းဝတ်ရည်မှာ ချိုမြသောကြောင့် လက်ပံပွင့်လျှင် ကျေးငှက်မျိုးစုံတို့သည် ဝိုင်းအုံ၍ ဝတ်ရည်များကို စုပ်ယူနေကြသည်မှာ ပတ်ဝန်းကျင်ကို တပို့တွဲလအဖြစ် သရုပ်ဖော်ပေးနေသည်။
တပို့တွဲ၏ အဓိပ္ပာယ်
မြန်မာ့ဆယ့်နှစ်လရာသီ၌ တပို့တွဲလသည် ဆယ့်တစ်လမြောက်ဖြစ်သည်။ ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်၍ အလွန်ချမ်းအေးလှသည်။ နံနက် ၆ နာရီ မိနစ် ၂၀ တွင် နေထွက်၍ ညနေ ၅ နာရီ မိနစ် ၄၀ တွင် နေဝင်လေ့ရှိသောကြောင့် ညတာရှည်ပြီး နေ့တာတိုသည်။ “နှာရည်ယိုရွှဲ တပို့တွဲ” ဟုလည်းကောင်း၊ “တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ” ဟုလည်းကောင်း ရှေးမြန်မာလူကြီးတို့က ဆိုကြသည်။ တပို့တွဲလတွင် မာဃနက္ခတ်စန်းနှင့်ယှဉ်၍ မွန်းတည့်၏။ ရာသီရုပ်မှာ ရေထမ်းသမားရုပ်ဖြစ်သည်။ တပို့တွဲလကို ပုဂံခေတ်ကျောက်စာတို့၌ တပိုင်ထွယ်၊ တပိုင့်ထွယ်၊ တပို့တွဲ၊ တပိုင့်တွဲဟူ၍ အမျိုးမျိုး ရေးထိုးထားသည်။ ကျောက်စာအချို့၌ တပိုင့်ထွယ်ဟု ဒုတိယ အက္ခရာတွင် အမြစ်ထည့်၍ ရေးထိုးခဲ့သည်။ ထို့ကြောင့် ပုဂံခေတ်တွင် ရေးထိုးခဲ့သော အရေးအသားကို မျက်မှောက်ခေတ်၌ ခေတ်ကာလရေးနည်း၊ ဖတ်နည်းအတိုင်း တပို့တွဲဟူ၍ ရေးကြ ဖတ်ကြခြင်းပင်ဖြစ်သည်။
တပို့တွဲဟူသော အဓိပ္ပာယ်မှာ ထိုလရာသီ၌ ဖူးကြသီးကြသော ထန်းပင်ကို အကြောင်းပြု၍ ခေါ်ဝေါ်သည်ဟု ဆိုရမည် ဖြစ်သည်။ တပို့တွဲလရာသီမှာ ထန်းဖိုပင်မှ ထန်းရည် စတင်ခံယူသည့် ထန်းဖိုဦးရာသီဖြစ်သည့်အလျောက် ယင်းရာသီ၌ ထန်းသမားတို့သည် ထန်းပင်ပေါ်သို့ တက်ကာ ထန်းပြင်ခြင်း ပြုလုပ်ကြသည်။ တပို့တွဲလတွင် ထန်းဖူး၊ ထန်းခိုင်များ အောက်သို့ တွဲလောင်းကျသွားအောင် ပြုလုပ်ကြပြီး ထန်းယဉ်နင်းကြသည်ကို မြင်တွေ့ရခြင်းကို အကြောင်းပြုပြီး တပို့တွဲဟူ၍ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ရှေးစာဆိုတော်ကြီး ဦးကြင်ဥက “ထန်းယဉ်နင်း၊ ပေါက်ကင်းတဲ့လဲငုံ၊ ဆက်ရက်ကယ်၊ သာရကာ နှင့် ရော်ရွက်ဝါတမာနု၊ လွမ်းသူ့ပူပုံ” ဟု ရေးဖွဲ့ခဲ့သည်။ တပို့တွဲလရာသီနှင့် ခွဲခြား၍ မရသော ရာသီစာ အာဟာရတစ်မျိုးမှာ “ထမနဲ” ပင်ဖြစ်သည်။
ထမနဲပွဲနှင့် ထမနဲထိုးနည်း
ထမနဲပွဲသည် မျက်မှောက်ခေတ်တွင် တပို့တွဲလ၏ ရာသီပွဲဖြစ်သည်။ မြန်မာနိုင်ငံတွင် တပို့တွဲလသည် ကောက်ဦးပေါ်ချိန်ဖြစ်၍ လဆန်းစချိန်မှ လပြည့်နေ့တိုင်အောင် နိုင်ငံအနှံ့အပြား ကျေးလက်၊ တောရွာများအထိ တောင်သူလယ်သမားကြီးများ ထမနဲထိုးပွဲများကို ဆင်ယင်ကျင်းပကြသည်။ ထမနဲကို နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ထားသည့်အတွက် “နှမ်းမနဲ” ဟုခေါ် ကြသည်။ အအေးဓာတ်လွန်ကဲသော တပို့တွဲလနှင့် ဥဏှပထဝီ အာကာသဓာတ်စာဖြစ်သည့် ထမနဲထိုးပွဲသည် လိုက်ဖက်ညီသော မြန်မာ့ယဉ်ကျေးမှုပွဲတော်ပင်ဖြစ်သည်။
ရှေးလူကြီးများသည် ထမနဲထိုးနည်းကို လက်ဆင့်ကမ်းခဲ့ရာ ယင်းထမနဲထိုးနည်းမှာ ကောက်ညှင်းဆန် လေးပြည်၊ နှမ်းဆီ ၁ ပိဿာ၊ မြေပဲဆန် ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်း ၃ ကျပ်သား အသုံးပြုပြီး မိုးပြဲဒယ်တွင် ဆီထည့်၍ ကျက်သောအခါ ချင်းကို ဦးစွာထည့်ကာ ဆီသတ်ပြီး ချင်းအတော်နွမ်းလာပါက ရေစစ်ထားသော ကောက်ညှင်းဆန်ကို ထည့်ရမည်။ ဆားကိုလည်း တစ်ပါတည်း ထည့်မွှေ၍ အတန်ငယ် သမသွားသောအခါ ရေနွေးကို ဆန်အထက် လက်လေးလုံးခန့်ရှိအောင်ထည့်ပြီး စလောင်းဖုံး ဖုံးထားရမည်။ ဆန်အနပ်လိုသေးလျှင် ရေနွေးလိုသလောက် မှန်းဆထည့်ပေးရမည်။ ရေခန်း၍ ကောက်ညှင်းနပ်လောက်လျှင် ဖိုပေါ်မှချပြီး ယောက်မနှစ်လက်ဖြင့် ကောက်ညှင်းများ ကျေမွအောင် အလယ်မှ လူတစ်ယောက်နေ၍ ကြိတ်ပေးရပါမည်။ ကောက်ညှင်းများ ကျေညက်သောအခါ မြေပဲ၊ နှမ်းနှင့် အုန်းသီးစိတ်များကို ထည့်ပေးရပါမည်။ ထို့နောက် ဒယ်အိုးကို အဖုံးဖုံးပြီး ခေတ္တနှပ်ထားပါက မကြာမီအရသာရှိလှသော ထမနဲကို စားသုံးနိုင်ပြီဖြစ်သည်။
မန်လည်ဆရာတော်ကြီး၏ ထမနဲထိုးနည်းများ
မန်လည်ဆရာတော်ကြီးက “ထမနဲထိုးဖို့ စာချိုးလို့ မှာခဲ့မယ်။ တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် တစ်ပိဿာဆီ အမှန်သွင်းပါလို့၊ ချင်းကသုံးဆယ်၊ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့် အုန်းသီးဆန်အတူ ဖက်ပါလို့၊ နှမ်းမပျက်ဤ နည်းနှယ်ရေစင်ကြယ်ပထည့်ရိုး၊ လက်နှစ်သစ်သာပ၊ တွက်စစ်ကာ ဆားချိန်တစ်ဆယ်သားရယ်နှင့် ရောနှောကာ လူအများတို့ရယ် အားသစ်လို့ထိုး” ဟူ၍ မှတ်တမ်းပြုခဲ့သည်။ ယင်းကျေးဇူးရှင်မန်လည်ဆရာတော်ကြီး၏ ထမနဲထိုးနည်း နိဿရည်းကိုဆရာတော်ကြီး ရေးသားတော်မူခဲ့သော ကဗျာပေါင်းချုပ်ကျမ်းစာမျက်နှာ (၂၉၆) ၌ ပါရှိသည်။ ထို့ပြင် ၁၂၂၈ ခုနှစ်စားတော်ချက်ပေမူ၌ “ကောက်ညှင်းဆန် တစ်ပြည်ကို ညဉ့်ဦးက ရေစိမ်၊ မိုးသောက်လျှင် ရေနှင့်ချက်၊ ဆားနှစ်ကျပ်နှစ်မတ်၊ နှမ်းနှစ်စလယ်၊ ဆီနှစ်ဆယ်၊ ချင်းကြက်သွန်တက် အားသမျှ ထည့်၊ ဆီမကျက်လျှင် စိမ်းစော်နံမည်” ဟူ၍ အမတာယာဂုထမနဲကျိုနည်းကို ဖော်ပြထားသည်။
ထမနဲပွဲကို အစောဆုံးတွေ့ရှိရသည့်ခေတ်မှာ ညောင်ရမ်း (ဒုတိယအင်းဝ)ခေတ် နောက်ပိုင်းဖြစ်ပြီး တနင်္ဂနွေမင်း လက်ထက်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုပညာရှင်ကြီး ဆီသည်ရွာစား ဦးအောင်ကြီးက “ရပ်ရှစ်မျက်နှာ သံဃာတို့အား ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးဖုံးသဘင်၊ သူကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန် ကျွန်းတဲ့လေး” ဟု ဖွဲ့ဆိုထားသည်ကိုလည်းကောင်း၊ သက္ကရာ ဇ် ၁၁၁၅ ခုနှစ်ဟုယူဆရသော အင်ရုံဝန်ကြီးရေးသားသော ရှေးအင်းဝမင်း အဆက်ဆက်တို့၏ မင်းခမ်းမင်းနား အဆောင်အယောင်နှင့်ရာ သီပွဲတို့ကိုပြဆိုသည့် လောကဗျူဟာကျမ်း၌ တပို့တွဲလတွင်ကျီဝန်က ယာဂုအိုး ၁၀ဝ၀၊ ထမ်းစင် ၁၀ဝ၀ နှင့် မယ်ဖျူး ၁၀ဝ၀ ကို သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်တို့ကြပ်မတ်၍ လှူမြဲကျောင်းဘုရားမှာ တင်လှူသည်ဟူ၍ ရေးသားချက်ကိုလည်းကောင်း ထောက်ရှုကာ ဒုတိယအင်းဝခေတ်နောက်ပိုင်းတွင် ယာဂု(ထမနဲ)ပွဲကို မီးဖုန်းပွဲနှင့်အတူ တပို့တွဲလရာသီပွဲတော်အဖြစ် ကျင်းပနေပြီဖြစ်ကြောင်း သိရှိရသည်။ မီးဖုန်း (ပုန်း)ပွဲ၌ ဖုန်း(ပုန်း)သည် ပါဠိဝေါဟာရ “ပုည” - ပုဒ်မှဆင်းသက်လာသော ဝေါဟာရပင်ဖြစ်သည်။ (ပုည-ပုဉ်း-ပုန်း-ဖုန်း) အဓိပ္ပာယ်မှာ ပုည၏အဓိပ္ပာယ်အတိုင်း ကောင်းမှု၊ ကုသိုလ်၊ အလှူဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် မီးဖုန်းပွဲဆိုသည်မှာ မီးကုသိုလ်၊ မီးအလှူပွဲဟု အဓိပ္ပာယ်ဖြစ်သည်။ အလွန်ချမ်းအေးလှသော တပို့တွဲလတွင် ဘုရားဆင်းတုတော်များရှေ့၌ မီးဖိုရန် ရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အိုများ မီးဖို၍လှုံရန်နံ့သာထင်း၊ မယ်ဖျူး(မီးအိုးကင်း)စသည်တို့ကိုကျောင်း၊ ဘုရားတို့သို့ လှူဒါန်းသည့်ပွဲကို မီးဖုန်းပွဲဟု ခေါ်ခြင်းပင်ဖြစ်သည်။
ဩဝါဒပါတိမောက်အခါတော်နေ့
တပို့တွဲလပြည့်နေ့သည် ဩဝါဒပါတိမောက်အခါတော်နေ့တစ်နည်းအားဖြင့် နည်းဒေသနာဆိုင်ရာ အခါတော်နေ့ဖြစ်သည်။ ဝိနည်းဟူသည်မှာ ရဟန်းသံဃာတော်တို့အတွက်ပညတ်ထားသည့် ကျင့်ဝတ်စည်းကမ်းများပင် ဖြစ်သည်။ အဆူဆူ ပွင့်ခဲ့ကြကုန်သော ဘုရားရှင်တို့၏ အဆုံးအမဩဝါဒနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟု ခေါ်ဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၆ ခုနှစ်ကဖြစ်သည်။ ယင်းနေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့ဖြစ်သည်။ ဤလောကတွင် ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူပြီး၍ သာသနာတော်ပေါ်ထွန်းလာသည်မှာ သက်တမ်းအားဖြင့် ခုနစ်လမျှသာရှိသေးသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည်ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူလျက်ရှိသည်။ ထိုသို့ တပို့တွဲလပြည့်နေ့၏ ညနေရီဝင်စလပြည့်ညဦးအခါသမယ၌ဖြစ်သည်။ ဗုဒ ̈မြတ်စွာဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၏ ဗုဒ္ဓသနပလ္လင်တော်ထက်တွင် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက် စံပယ်တော်မူသည့်အခိုက်၌ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလန်တို့ကလည်း လက်ယာ၊ လက်ဝဲခြံရံ၍ ဖူးမြော်လျက်ရှိနေကြသည်။
ဂုဏ်ထူးဆောင်သာဝကပရိသတ်၊ ရသေ့ညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလန်တို့၏ နောက်လိုက်တပည့် နှစ်ရာ့ငါးဆယ်အစရှိသော ရသေ့ဟောင်းနှင့် ပရိဗိုဇ်ဟောင်းများ စုစုပေါင်း တစ်ထောင့်နှစ်ရာ့ငါးဆယ် တို့သည် တစ်ပြိုင်နက်တည်း အပင့်အဖိတ်အချိန်းအချက်မရှိ စုဝေးရောက်ရှိလာခဲ့ကြသည်။ ထိုသို့အားဖြင့် သာသနာတော် သက်တမ်းခုနစ်လ၌ ပထမသာဝကမဟာသန္ဒိပါက အစည်းအဝေးသဘင်ကြီးသည် အလိုအလျောက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ယင်းကဲ့သို့ ထူးမြတ်လှသည့် ပထမသာဝကမဟာသန္ဒိပါလ အစည်းအဝေးသဘင်ကြီး၌ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလန်တို့အား လက်ယာရံ၊ လက်ဝဲရံချီးမြှောက်တော်မူလေသည်။ ထို့နောက် ရှေးဟောင်းနောင်တော် ဘုရားရှင်တို့၏ ဓမ္မတာလက်သုံး ထုံးနည်းတံထွာ အစဉ်အလာဖြစ်သော ခန္တီပရမံတပေါတိတိက္ခာ အစချီသည့် ဩဝါဒပါတိမောက်သုံးဂါထာကို မိန့်ကြားတော်မူသည်။ ယင်းသုံးဂါထာသည်ပင်လျှင် ခပ်သိမ်းသောဘုရားရှင်တို့၏ ဩဝါဒပါတိမောက်ပင်ဖြစ်သည်။ ထိုသို့သော တပို့တွဲလပြည့်နေ့၌ အဆူဆူသော ဘုရားရှင်တို့သည် ဩဝါဒပါတိမောက်ကိုဟောကြားမြဲ အစဉ်အလာဓမ္မတာပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်တို့ ဓမ္မာသုံးဆယ်ရှိကြောင်းကို ကျမ်းဂန်များ၌ ရှေးဆရာတို့က ပြဆိုထားရာ ယင်းဓမ္မာသုံးဆယ်၌ ဓမ္မာတစ်ရပ်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဩဝါဒပါတိမောက်ကို အင်္ဂါလေးရပ်နှင့် ပြည့်စုံသည့် အစည်းအဝေးတွင် ဟောကြားတော်မူလေ့ ရှိခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ထိုရက်ထိုအခါသည်တပို့တွဲလပြည့်နေ့ဖြစ်ခြင်း၊ ဧဟိဘိက္ခုအရှင်မြတ်များဖြစ်ခြင်း၊ ဆဠာဘိညသမ္ဘာဒ ရဟန္တာများဖြစ်ခြင်း၊ မည်သူမျှပင့်ဖိတ်သူမရှိ၊ အစုံအလင် ကြွရောက်စုဝေးမိခြင်းဟူသော အင်္ဂါလေးရပ်များနှင့်ပြည့်စုံနေပေသည်။
ထို့ပြင် သက်တော်တိုမြတ်စွာဘုရားများမှ ပထမဗောဓိဟူသောဝါတော်-၂၀ အတွင်းမှာသာ ဟောကြားပြသ ဆုံးမတော်မူကြခြင်းဖြစ်ပြီး ဓိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တစ်ကြိမ်၊ ဝေဿဘူမြတ်စွာဘုရားနှင့် ကောဏာဂုံမြတ်စွာ ဘုရားတို့သည် တစ်နှစ်တစ်ကြိမ်၊ ကဿပမြတ်စွာဘုရားသည် ခြောက်လတစ်ကြိမ် ဟောကြားပြသ ဆုံးမတော်မူခဲ့သည်။ ဂေါတမမြတ်စွာ ဘုရားသည် ဝါတော် ၂၀ ၌ ပထမဗောဓိအတွင်းတွင် ဩဝါဒပါတိ မောက်ဖြင့် သံဃာတော်တို့အား ဆုံးမဩဝါဒ ပေးတော်မူခြင်းဖြစ်သည်။ ထို့နောက် ဝါတော်-၂၀ နောက်ပိုင်း ဒုတိယဗောဓိသို့ ရောက်သောအခါ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မည်သည့်ပါတိမောက်ကိုမျှ မဟောမပြတော့ဘဲ တပည့်သံဃာတော်တို့အား အာဏာပါတိမောက်ကိုသာ လခွဲတစ်ကြိမ်ပြသစေခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရား ပညတ်တော်မူခဲ့သည့် ဝိနည်းသိက္ခာပုဒ်များသည် အကျဉ်းအားဖြင့် ၂၂၇ ပါး၊ အကျယ်အားဖြင့် ကုဋေကိုးထောင်တစ်ရာ့ရှစ်ဆယ် ငါးသန်းသုံးသောင်းခြောက်ထောင်မျှ ရှိသည်။
အထူးသဖြင့် ဩဝါဒပါတိမောက် ဒေသနာတော်မြတ်ကြီးသည် သာသနာ့အနွယ်ဝင် ရသေ့ရဟန်း အရှင်သူမြတ်တို့အတွက် သာမက ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်အားလုံး လိုက်နာကျင့်သုံးအပ်သည့် ကျင့်ဝတ်စည်းကမ်းများဖြစ်သည်။ တပို့တွဲရာ သီတွင်ထမနဲပွဲတော်ကို ဆင်နွှဲရင်း ကိုယ်ကျင့်တရားရှိရေးအတွက် ဩဝါဒပါတိမောက် ဒေသနာတော်မြတ်ကို လိုက်နာကျင့်သုံး ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
တက္ကသိုလ်ပွင့်သူအောင်


