ဩဂုတ် ၂၃
ဂရိနိုင်ငံအရှေ့မြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ အာဏာပိုင်များက တောမီးလောင်မှုတွင် ဒေသခံများပျောက်ဆုံးမှုမရှိသဖြင့် ယင်းတောမီးကြောင့်သေဆုံးသူများသည် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများ ဖြစ်နိုင်သည်ဟု ဆိုသည်။
အဆိုပါတောမီးသည် Evros ဒေသတွင် ဩဂုတ်လ ၁၉ ရက်နေ့ကစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မီးသတ်တာဝန်ရှိသူများက သေဆုံးသူများ၏အလောင်းများကို တူကီယဲနယ်စပ်အနီး တောထဲတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုတောမီးများဆက်လက်လောင်ကျွမ်းနေသဖြင့် အနီးနားဆေးရုံရှိ အတွင်းလူနာ ၇၀ အား အခြားသောဆေးရုံများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ဒေသ ၃၅ ခုမှဒေသခံများအား ၎င်းတို့နေအိမ်များမှဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ပြောကြားခဲ့သည်ဟု သိရသည်။
အပူချိန်မြင့်မားမှုနှင့် ခြောက်သွေ့သောအခြေအနေများကြောင့် အမေရိကန်ပြည်ထောင်စုဟာဝိုင်အီရှိ မောအီနှင့် စပိန်နိုင်ငံ၏ကန်နရီကျွန်းများအပါအဝင် ကမ္ဘာတစ်ဝန်းတွင် တောမီးအများအပြားလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


