ဇီးကုန်း ၁၉ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်၊ မုန့်ဆိုင်နှင့် စတိုးဆိုင်များတွင် နိုင်ငံခြားဆေးဝါးများ ရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချခြင်းမရှိစေရေးအတွက် ယနေ့နံနက်က တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များနှင့် စတိုးများသို့ သွားရောက်၍ နိုင်ငံခြား ဆေးဝါးများအား ရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချခြင်း မရှိစေရေးကို သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် စားသောက်ကုန်နှင့် မုန့်ဆိုင်များတွင်လည်း ထုတ်ပိုးမှုစနစ်တွင် ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများကို မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားရန်နှင့် ဖော်ပြထားသော စားသောက်ကုန်များကိုသာ ရောင်းချကြရန် ဟောပြောပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)


