ဩဂုတ် ၃၁
အီသီယိုးပီးယားအစိုးရက နိုင်ငံတစ်ဝန်း မိုးရာသီကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လူပေါင်း ၄ ဒသမ ၁ သန်းကျော်အားပေးအပ်ပြီးဖြစ်ကြောင်း ယနေ့တွင် ပြောကြားသည်။
အီသီယိုးပီးယားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မရှင်က ယခုနှစ် မိုးရာသီကာလဖြစ်သော ဇွန်လလယ်မှ စက်တင်ဘာလလယ်ပိုင်းအတွင်း နိုင်ငံအတွင်းရှိ ဒေသများတွင် သဘာဝဘေးခံစားရသောနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လာမည့်သီတင်းပတ်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်သည့်ဒေသများသို့ ထပ်မံအကူအညီပေးအပ်ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
အီသီယိုးပီးယားနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အရေးတကြီးလိုအပ်နေသူ သန်း ၂၀ ကျော်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီက ခန့်မှန်းတွက်ချက်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


