ပုသိမ်  ၁၉  ဖေဖော်ဝါရီ 


ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်းပြုလုပ်သော  မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အကျုံးဝင်မှု တိုးမြှင့်ရေးအတွက် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများဆွေးနွေးပွဲကို ပုသိမ်မြို့ မြန်မာနိုင်ငံဆရာဝန်အသင်း ရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်ကိုယ်စာလှယ် ဦးအောင်ကျော်မြိုင်မှ အဖွင့်စကားပြောကြားပေးပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ကြိုဆို  နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။


မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်အကျုံးဝင်မှု တိုးမြှင့်ရေးအတွက် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်ကိုယ်စာလှယ် ဦးအောင်ကျော်မြိုင်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါး၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုး၊ (သာပေါင်းရုံးခွဲ) အတွင်းရေးမှူး ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အကျုံးဝင်မှုတို့အတွက် လူမှုဝန်ထမ်းမှ ဆောင်ရွက်ထားရှိမှု မြန်မာနိုင်ငံ မသန်စွမ်းသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအကြောင်း၊ online မှကောက်ယူထားသော မသန်စွမ်းမှုဆိုင်ရာ စစ်တမ်းတင်ပြခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်မှုနှင့် ပတ်သက်၍ လွှတ်တော်အတွေ့ကြုံများ၊ မသန်စွမ်းသူ အမျိုးသမီးများ၏ အခွင့်အရေး၊ မသန်စွမ်းသူများ လက်လှမ်းမှီသည့် အများပြည်သူဆိုင်ရာ အဆောက်အဦများနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖန်တီးခြင်း၊ အားလုံးအတွက် အဆင်ပြေ သင့်လျှော်သည့် လူ့ဘောင် အသိုင်းအဝိုင်းတည်ဆောက်ရာတွင် မသန်စွမ်း အဖွဲ့စည်းများ၏ အခန်းကဏ္ဍလူတိုင်း အကျုံဝင်ရေးအတွက် ဖော်ဆောင်ရမည့် မဟာဗျူဟာများ လုပ်ဆောင်ချက်များ ရှေ့လုပ်ငန်းစဉ်များ၊ အလုပ်ကိုင်ခန့်ထားရေး၊ မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သည့် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ခေါင်စဉ်များဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင်းအရေးဆိုင်ရာ ကွန်းဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ပြည်တွင်းဥပဒေတစ်ခုဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင်ပြဌာန်းစခဲ့ပြီး ၂၀၁၇ ခုနှစ်မှာလည်း နည်းဥပဒေကို ဆက်လက်ပြဌာန်းခဲ့ကြောင်း မြန်မာနိုင်ငံလူဦးရေးရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်း အရေအတွက်အားဖြင့် ၂၃ သိန်းကျော်ဟာ မသန်းစွမ်းသူများ ဖြစ်နေကြကြောင်း မြန်မာနိုင်ငံ၌ ဧရာဝတီတိုင်းဒေသကြီးတွင် မသန်စွမ်းသူ အများဆုံးသော တိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်ကိုယ်စာလှယ် ဦးအောင်ကျော်မြိုင်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ မသန်စွမ်းသူများ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။


မင်းထွန်းဇော် ( ၁၂၆)

 

123