စက်တင်ဘာ ၄

ကမ္ဘောဒီးယားနိုင်ငံ၏ကျော်ကြားသော အန်ကောရှေးဟောင်းနယ်မြေသို့ ယခုနှစ်ပထမရှစ်လအတွင်း နိုင်ငံခြားသားခရီးသွား သန်းတစ်ဝက်နီးပါး ဝင်ရောက်ကြောင်း  နိုင်ငံပိုင်အန်ကာအင်တာပရိုက် သတင်းထုတ်ပြန်ချက်တစ်စောင်က ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီမှဩဂုတ်လအတွင်း နိုင်ငံခြားသားခရီးသွား ၄၉၈၅၁၃ ဦး အန်ကောဝပ်ဘုရားကျောင်းသို့ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ၁၁၀၅၇၀ ရှိရာ ၃၅၀ ဒသမ ၈ ရာခိုင်နှုန်း သိသိသာသာမြင့်တက်လာကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါရှေးဟောင်းနယ်မြေသို့ဝင်ရောက်ရန် ပထမရှစ်လအတွင်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၀၉ သန်းရှိရာ လွန်ခဲ့သောနှစ် အလားတူကာလထက်  ဝင်ငွေ ၄၂၀ ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်ဟု သိရသည်။

ဩဂုတ်လက နိုင်ငံခြားသားခရီးသွား ၅၉၁၄၈ ဦး ဝင်ရောက်ခဲ့ရာ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၂ ဒသမ ၇၇ သန်း ဝင်ငွေရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလာမှုကန့်သတ်ချက်များမရှိသည့်အတွက် ခရီးသွားဝင်ရောက်မှု မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိပြည်နယ်အတွင်းတည်ရှိသော အန်ကောဝပ်ရှေးဟောင်းနယ်မြေသည် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂယူနက်စကို(UNESCO)၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့ပြီး နိုင်ငံ၏လူသိအများဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်လာသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို