စက်တင်ဘာ ၅

ဗီယက်နမ်နိုင်ငံတွင် အမျိုးသားအားလပ်ရက် လေးရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၂၅ ခုဖြစ်ပွားမှုကြောင့် လူ ၇၆ ဦး သေဆုံးခဲ့ပြီး အခြား ၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ယာဉ်ထိန်းရဲဌာနက ပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုများသည် ယခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်းဖြစ်ပွားခဲ့မှုများဖြစ်သည်။ လွန်ခဲ့သောနှစ်အလားတူကာလက ယာဉ်မတော်တဆမှု ၄၆ ခုဖြစ်ပွားခဲ့ပြီး ၂၈ ဦး သေဆုံးခဲ့သည်။ ရထားနှစ်စီးတိုက်မိသဖြင့် လူသုံးဦးသေဆုံးခဲ့သည်ဟု ထိုဌာနက ယမန်နေ့ကပြောသည်။

နိုင်ငံတစ်ဝန်းတွင်  ယခုနှစ်အတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှု ၃၅၀၀၀ ဝန်းကျင်၊ စုစုပေါင်းဒဏ်ငွေ  ဗီယက်နမ် ဒေါင် ၇၂ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၉ သန်း )၊ ကားအစီးရေ ၅၂၀နှင့် ဆိုင်ကယ်အစီးရေ ၁၂၀၀၀ ကို သိမ်းဆည်းပြီး လိုင်စင် ၇၂၀၀ ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။    

လွန်ခဲ့သောနှစ်က ဗီယက်နမ်နိုင်ငံတွင် ယာဉ်မတော်တဆမှု ၁၁၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၆၃၈၄ ဦး သေဆုံးကာ ၇၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို