မံစီ ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ ၁၂ ရွာအား တစ်ရွာလျှင် နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း ၁၀ဝ၊ စုစုပေါင်းကျပ်သိန်း ၁၂၀ဝ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မံစီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ထပ်မံရှင်းလင်း ပြောကြားပြီး တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ ၁၂ ရွာအား တစ်ရွာလျှင် နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း ၁၀ဝ၊ စုစုပေါင်းကျပ်သိန်း ၁၂၀ဝကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ (VDP)ကျေးရွာ ၁၂ ရွာမှာ ပန်တိုင်းကျေးရွာ၊ စီကော်ကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ ကောင်လွင်ကျေးရွာ၊ မံသာကျေးရွာ၊ မိုင်းနောင်ကျေးရွာ၊ တောင်းလိန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ မံမကောက်ကျေးရွာ၊ ဟန်ထက်ကျေးရွာ၊ သစ်ဆုံးကျေးရွာနှင့် မလင်ကျေးရွာတို့ဖြစ်သည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ (VDP)ကျေးရွာ (၁၂)ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


