မုံရွာ ၁၉ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခတက္ကန်တောင်ကျေးရွာ၊ မဟာဗောဓိတစ်ထောင် သာသနာ့နယ်မြေတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသော ဆင်စခန်းတွင် ဆင်အစာအတွက် ငှက်ပျော၊ ကြံနှင့် နေဗီယာမြက် (၃) ဧကခွဲကျော် စိုက်ပျိုးထားကြောင်း ဆင်စာများကို တာဝန်ယူ စိုက်ပျိုးလျက်ရှိသော ဆင်ခေါင်း ဦးဝဖြိုး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆင်စခန်းသို့ တောင်တွင်းကြီး သစ်ထုတ်ရေးနယ်မှ ဆင်(၄)ကောင်နှင့် မုံရွာသစ်ထုတ်ရေးနယ်မှ ဆင်သားအမိ (၂) ကောင်တို့အား ထားရှိသွားရန် စီစဉ်လျက်ရှိရာ ၎င်းဆင်များ စားသုံးနိုင်ရန်အတွက် စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
''ဆင်စာတွေစိုက်တာ (၂) လလောက်ရှိသွားပြီ၊ ဒီဒေသက ဆင်တွေနေတဲ့ နေရာတွေနဲ့ ကွဲပြားတဲ့အတွက် ဆင်စာတွေကို သီးသန့်စိုက်ရတယ်။ အခြားဖြည့်စွက်စာတွေလည်း ကျွေးရမယ်။ ဆင်တွေနေထိုင်တဲ့ သဘာဝနဲ့ နီးစပ်အောင်လို့ အခုလိုစီစဉ် စိုက်ပျိုးတာပါ'' ဟု ဆင်စာများ တာဝန်ယူ စိုက်ပျိုးလျက်ရှိသော ဆင်ခေါင်း ဦးဝဖြိုးက ပြောသည်။
ဗောဓိတစ်ထောင် ဆင်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆင်များနေထိုင်ရန် ခြံများ ဆောက်လုပ်ခြင်း၊ ဆင်ဦးစီးများ နေထိုင်ရန် နေအိမ်များ ဆောက်လုပ်ရန်တို့ကို စီစဉ်လျက်ရှိပြီး ဆင်သွားလမ်းများကို ဖောက်လုပ် ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် ၎င်းဆင်များကို မတ်လအတွင်း ခေါ်ယူနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


