စက်တင်ဘာ ၇
ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်ပြင်တွင် အပူပိုင်းမုန်တိုင်း ယွန်းယောင်ဖြစ်ပေါ်နေပြီး ထိုမုန်တိုင်းသည် စက်တင်ဘာလ ၈ ရက်တွင် ဂျပန်နိုင်ငံ ပစိဖိတ်သမုဒ္ဒရာနှင့် ကုန်းတွင်းပိုင်းသို့ ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ ( ဂျေအမ်အေ)က ပြောသည်။
အဆိုပါမုန်တိုင်းသည် ယနေ့မနက်ပိုင်းက ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်ပြင်တွင် မြောက်မှ အရှေ့မြောက်သို့ တစ်နာရီလျှင် ၂၅ ကီလိုမီတာဖြင့် တိုက်ခတ်ခဲ့သည်။
ဂျပန်နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် စက်တင်ဘာလ ၉ ရက်အထိ မိုးများသည်းထန်စွာရွာသွန်းနိုင်သည်ဟု ထိုအေဂျင်စီက ထပ်လောင်းပြောသည်။
တိုကျိုတောင်ဘက် ပစိဖိတ်ရှိ အီဇူကျွန်းများဝန်းကျင်တွင် ယနေ့ညပိုင်းမှ စက်တင်ဘာ ၈ ရက်မနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မြစ်ရေလျှံမှု၊ မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှုနှင့် ရွှံ့မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက သတိပေးပြောကြားထားသည်။
အီဇူကျွန်းများနှင့် တိုကီဒေသတွင် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းအထိ မိုးရေချိန် ၂၅၀ မီလီမီတာနှင့် ကန်တို-ကိုရှင်ဒေသတွင် မိုးရေချိန် ၁၅၀ မီလီမီတာအထိ ရောက်ရှိနိုင်သည်ဟု မျှော်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


