ယင်းမာပင် ၁၉ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးရန် မသင့်သော ပစ္စည်းများနှင့် သက်တမ်းလွန် အစားသောက်များအား အဌမအကြိမ်မြောက် မီးရှို့ဖျက်စီးခြင်းကို ယနေ့နံနက် ၁၀ နာရီက ယင်းမာပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်နိုင်က စားသုံးရန် မသင့်သော အစားအသောက်များ၊ သက်တမ်းလွန် အစားသောက်များနှင့် FTA မှ တားမြစ်ထားသော ဆေးဝါးများနှင့် ပတ်သတ်၍ ရှင်းလင်းပြသသည်။ ယင်းနောက် ဖေဖော်ဝါရီလအတွင်း သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်အတူ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲမြို့နယ်များသို့ ကွင်းဆင်း စစ်ဆေးပြီး စားသုံးရန်မသင့် သိမ်းဆည်းပစ္စည်းများကို ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ယင်းမာပင်ခရိုင် အတွင်းတွင် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်သိမ်းဆည်းခဲ့ရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ (၈) ကြိမ်မြောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး၊ စုစုပေါင်း တန်ဖိုး ကျပ် (၆၁၄၂၇၅/-) ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယင်းမာပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်နိုင်ထံမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ ပစ္စည်းများကို ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ NGO အဖွဲ့ဝင်များ နှင့်ပြည်သူများ တက်ရောက်ကြသည်။
ရွှေစည်သား(ယင်းမာပင်)


