ခင်သန်းမြင့်
“စိတ္တေန နိယတေလောကော”၊ လောကကို စိတ်ကဦးဆောင်တယ်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ကောင်းသောစိတ်ကူးအိပ်မက်တွေဟာ လက်တွေ့ဘဝမှာ အကောင်အထည်ဖော် ဖြစ်တည်လာဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ကြရပါတယ်။ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိဆိုတဲ့ အဓိပတိတရား လေးပါးပြည့်စုံပါမှလည်း အထွတ်အထိပ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ လူပုဂ္ဂိုလ်အသီးသီးကို လေ့လာကြည့်ရင် ငယ်စဉ်ကတည်းက စိတ်ကူးအိပ်မက်တွေ ကိုယ်စီကိုယ်စီရှိခဲ့ကြ၊ မက်ခဲ့ကြတာကို တွေ့မြင်ရမှာဖြစ်တယ်။ အိပ်မက်တွေကကြီးမားရင် ကြီးမားသလို ဈေးကြီးပါတယ်။ ကြီးကျယ် ခမ်းနားရင်ခမ်းနားသလို အရင်းအနှီးကလည်း ကြီးပါတယ်။
တစ်ချိန်က အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားမှုအဆုံးသတ်ရေးနဲ့ နိုင်ငံသား အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အာဖရိကန်- အမေရိကန် သင်းအုပ်ဆရာ တစ်ယောက်ဖြစ်သူ မာတင်လူသာကင်းဂျူနီယာ (၁၉၂၉-၁၉၆၈)ရဲ့ အိပ်မက်ကတော့ ကြီးကျယ်ခမ်းနားသလောက် ကမ္ဘာမှာလည်း ထင်ရှားကျော် ကြားခဲ့ပါတယ်။
မာတင်လူသာကင်းဟာ ၂၈-၈-၁၉၆၈ က အလုပ်အကိုင်နဲ့ လွတ်လပ်ခွင့်အတွက် ကျင်းပ တဲ့ လူထုချီတက်ပွဲမှာ ဝါရှင်တန်ဒီစီ၊ လင်ကွန်းအမှတ်တရ အဆောက်အအုံ လှေကားထစ်ကနေပြီး ထောက်ခံသူ လူပေါင်းနှစ်သိန်းခွဲကို သူ့ရဲ့စိတ်ကူး အိပ်မက်တွေနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အမှန်တရားကို စွဲမြဲဆုပ်ကိုင်ထား
“ကျွန်တော် အိပ်မက်တစ်ခုမက်တယ်။ အမေရိကသားတို့ရဲ့အိပ်မက်ထဲမှာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေတဲ့အိပ်မက်မျိုး။ တစ်ရက်တော့ ဒီနိုင်ငံကြီး နိုးထလာပြီး နိုင်ငံရဲ့အဆုံးအမတရားနဲ့ လျော်ညီစွာ ဖြစ်မြောက်လာမယ့် အိပ်မက်မျိုး။ လူသားအားလုံးကို ဘုရားသခင်က တန်းတူညီမျှစွာ ပြုလုပ်ထားတယ်ဆိုတဲ့ အမှန်တရားတွေကို သိသာထင်ရှားစွာ စွဲမြဲဆုပ်ကိုင်ထားရမယ်။
ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ ကျွန်တော့် ကလေးလေးယောက်က အသား အရောင်အသွေးနဲ့ ခွဲခြားဆက်ဆံခြင်းမပြုတဲ့နိုင်ငံ၊ ကိုယ်ကျင့်စာရိတ္တနဲ့ပဲ ခွဲခြားကြတဲ့နိုင်ငံမှာ တစ်နေ့နေထိုင်ကြမယ်ဆိုတဲ့ အိပ်မက်ပဲဖြစ်တယ်” ဆိုတဲ့ ကင်းရဲ့အိပ်မက်ကတော့ စိတ်ထိခိုက်ဝမ်းနည်းစရာ ဖြစ်ရပါတယ်။ “ကင်းရဲ့ဒီအိပ်မက် စတင်မွေးဖွားလာခဲ့ပုံကလည်း စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ရပ်တစ်ခုကစပြီး အခြေ တည်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တစ်ရက်မှာ ကင်းရဲ့ ခြောက်နှစ်အရွယ် သမီးလေး ယိုလန်ဒါဟာ Funtown ဆိုတဲ့ ဒစ္စနေလန်းဒ်အငယ်စား ကလေးကစားကွင်းက တီဗွီကြော်ငြာကိုကြည့်ပြီး “ကစားကွင်းကို သွားချင်တယ်”လို့ ပူဆာခဲ့ပါတယ်။
ကင်းက “Funtown ဟာ လူမည်းကလေးတွေ မလာရဆိုပြီး တားမြစ်ထားတယ်” လို့ သမီးကို နားလည်အောင်ရှင်းပြလိုက်တဲ့ အချိန်မှာတော့ ယိုလန်ဒါလေးဟာ မျက်ရည်တွေ စီးကျလာတယ်လို့ ဆိုပါတယ်။
ကင်းက “ကျွန်တော် ကြုံခဲ့ဖူးသမျှထဲမှာ စိတ်အထိခိုက်ရဆုံးအဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီအခိုက်အတန့်လေးအတွင်းမှာပဲ နုနယ်လှတဲ့သမီး ရဲ့စိတ်သန္တာန်မှာ နိမ့်ကျသိမ်ငယ်ခြင်းဆိုတဲ့ တိမ်တိုက်မည်းကြီးတွေ ပထမဆုံးအကြိမ်အဖြစ် ဖုံးလွှမ်းခံလိုက်ရပြီး မသိစိတ်မှာအလိုလိုပေါ်ပေါက်လာတဲ့ လူဖြူတွေကို ခါးသီးမုန်းတီးခြင်းဆိုတဲ့ စိတ်ကြောင့် သမီးရဲ့ကိုယ်ရည်ကိုယ်သွေးကို စတင် စွန်းထင်းပုံဖျက်စေခဲ့ပြီဆိုတာကို ကျွန်တော်ရိပ်မိလိုက်တာကြောင့်ပါပဲ။ အဲဒီမှာ အသားအရောင်ကို အခြေခံတဲ့ လူ့အာဃာတတရားဆိုတာကို သမီး ပထမဆုံးကြားဖူးသွားတယ်။ ဒါပေမယ့် ခါးသီးရွံရှာ မှုတွေနဲ့အတူ ကျွန်တော့်သမီးလေး လူလားမြောက် မလာစေဖို့က ကျွန်တော့်အတွက် သေမလောက် အရေးကြီးတဲ့ကိစ္စပါပဲ” လို့ ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
ဒါကြောင့်ပဲ မာတင်လူသာကင်းဟာ သူ့ရဲ့ နာမည်ကျော်မိန့်ခွန်းမှာ “ကျွန်တော် အိပ်မက်တစ်ခု မက်တယ်” ဆိုတဲ့စာသားကို ရှစ်ကြိမ်အထိ သုံးစွဲ ပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ကူးအိပ်မက်တွေဟာ ကြီးကျယ်ခမ်းနားခဲ့သလို အရင်းအနှီးကလည်း ကြီးမားခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး မကြာခဏ ဖမ်းဆီးခံရ၊ အနှောင့်အယှက်ခံရနဲ့ အဆုံးမှာတော့ (၄-၄-၁၉၆၈) အစွန်းရောက်လူဖြူတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုကြောင့် အသက်ပေးဆပ်သွားခဲ့ရပါတယ်။
အိပ်မက်တွေ အနာဂတ်မှာ ဖြစ်တည်လာခဲ့
ဒါပေမယ့် မာတင်လူသာကင်းရဲ့ အိပ်မက်တွေကတော့ သူမက်ခဲ့တဲ့အတိုင်း အနာဂတ်မှာ အကောင်အထည်ဖော် ဖြစ်တည်လာခဲ့ပါတယ်။ အာဖရိကန်-အမေရိကန်သား ဘားရတ်အိုဘားမားဆိုရင် အမေရိကန်နိုင်ငံရဲ့ ၄၄ ဦးမြောက် သမ္မတအဖြစ် တက်လှမ်းနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော အာဖရိကန် - အမေရိကန် သမ္မတဖြစ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အသက်အငယ်ဆုံး သမ္မတတစ်ဦးဖြစ်တဲ့ ဂျွန်အက်ဖ်ကနေဒီရဲ့အိပ်မက်ဟာလည်း ကြီးကျယ်ခမ်းနားပါပေတယ်။ ရွေးကောက်ပွဲမှာ အကြံပေးတွေက ကနေဒီကို ဒုတိယသမ္မတနေရာကို အရင်ဆုံးဝင်ရောက်ယှဉ်ပြိုင် ဖို့ ပြောတဲ့အခါမှာ ကနေဒီက “ပထမနေရာရှိလျက်သားနဲ့ ဒုတိယနေရာကို ဝင်ရောက်မယှဉ်ပြိုင်နိုင်ဘူး။ ပထမနေရာအတွက် အရည်အချင်း မမီသေးရင် မီအောင်ကြိုးစားမယ်”လို့ ဆိုပါတယ်။ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးအိပ်မက်နဲ့ကြိုးစားမှုကြောင့်ပဲ ကနေဒီဟာ အမေရိကန်နိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတ(၁၉၆၁-၁၉၆၃)တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ပြင်သစ်စာရေးဆရာကြီး ဂျူးလ်စ်ဗန်း (၁၈၂၈-၁၉၀၅)ရဲ့ စိတ်ကူးအိပ်မက်ကတော့ အတိုင်းထက်အလွန် ကမ္ဘာမြေကိုတောင် ကျော်လွန်သွားခဲ့ပါတယ်။ ဆရာကြီး ဂျူးလ်စ်ဗန်းဟာ အနာဂတ်ကို ရည်မျှော်သော သိပ္ပံဝတ္ထုကြီးများ ရေးသားရာမှာ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးယဉ်သိပ္ပံဝတ္ထုများအနက် From The Earth To The Moon (ကမ္ဘာမြေမှလဗိမာန်သို့) ဝတ္ထုမှာ တော့ လကမ္ဘာကို ဒုံးယာဉ်ပျံနဲ့လူသားတို့ သွားရောက်ခဲ့ပုံကို ဇာတ်အိမ်ဖွဲ့ပြီးရေးသားခဲ့ပါတယ်။
အာကာသသို့ ပထမဆုံး သွားရောက်သူတစ်ဦး ဖြစ်လာ
နှစ်ပေါင်း ၅၀ ကျော်တဲ့အခါမှာတော့ ဆရာကြီး ဂျူးလ်စ်ဗန်းရဲ့ စိတ်ကူးအိပ်မက်တွေဟာ အမှန်တကယ်ပဲ အသက်ဝင်လာခဲ့ပါတယ်။ ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင်ဟာ ၁၉၆၁ ခုနှစ်မှာ ဒုံးပျံအာကာသယာဉ်နဲ့ ပြင်ပအာကာသသို့ ပထမဆုံး သွားရောက်နိုင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ကွယ်လွန်သူဆရာကြီး ဂျူးလ်စ်ဗန်းရဲ့ တူမဖြစ်သူ ခရစ္စတင်းက အာကာသယာဉ်မှူး ယူရီဂါဂါရင် ထံပေးပို့တဲ့ ကြေးနန်းသဝဏ်လွှာမှာ “ဂျူးလ်စ်ဗန်းရဲ့ တူမ တစ်ယောက်အနေနဲ့ ရှင့်ရဲ့စွမ်းဆောင်ချက်ကို ကျွန်မချီးကျူးဂုဏ်ယူကြောင်း ပြောပါရစေ။ ကျွန်မဦးကြီး စိတ်ကူးယဉ်အိပ်မက် မက်ခဲ့တာကို ရှင်တို့က လက်တွေ့အဖြစ် ပြောင်းလဲလိုက်ပါပြီ။ သူသာ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင် ခုနေခါ သူလည်းပဲ ရှင်တို့နဲ့အတူ ပျော်မဆုံးအောင်ရှိနေမှာပါ။ ရှင်တို့ အင်မတန်တော်ပါပေတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ရေဒီယိုဖြင့်ရှာဖွေထောက်လှမ်းခြင်းနှင့် အကွာအဝေးတိုင်းခြင်းနည်းလမ်း (Radio Detecting and Ranging)ဆိုတဲ့ RADAR ကို စတင်တီထွင်ခဲ့သူ ရောဘတ်အလက်ဇန္ဒာဝပ်ဆင်ဝပ်ရဲ့ စိတ်ကူးအိပ်မက်တွေကလည်း ဒုတိယကမ္ဘာစစ်ကာလ အတွင်းမှာ သူ့နိုင်ငံ ဗြိတိန်ကို ရေဒါကွန်ချာနဲ့ လွှမ်းအုပ်ကာ ရန်သူလေယာဉ်တွေရဲ့ရန်က ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ရေဒါကို စတင်မွေးဖွားနိုင်
ဝပ်ဆင်ဝပ်ဟာ ငယ်စဉ်ကတည်းက သိပ္ပံ စမ်းသပ်မှုများပြုလုပ်ရန် ဝါသနာထုံပြီး ပထမ ကမ္ဘာစစ်ဖြစ်စကာလအတွင်း အစိုးရမိုးလေဝသဌာနမှာ ထူးချွန်တဲ့လူငယ် အင်ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရေဒီယိုကို အသုံးပြုပြီး မိုးကြိုးမုန်တိုင်းကို ခန့်မှန်းကာ လေယာဉ်များအား ကြိုတင်သတိပေးနိုင်မယ့်အစီအစဉ်ကို ဝပ်ဆင်ဝပ်က ကြံဆနိုင်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်မှာတော့ ဖြတ်သန်းပျံသန်းနေတဲ့ လေယာဉ်က ရောင်ပြန်ဟပ် ရေဒီယိုလှိုင်းတွေရဲ့အရိပ်ကိုတွေ့ရှိခဲ့ပြီး လေယာဉ်ကို ရေဒီယိုလှိုင်းဖြင့် ထောက်လှမ်းနိုင်ကြောင်း သိရှိသွားခဲ့ပါတယ်။ ဝပ်ဆင်ဝပ်ဟာ ရေဒါကို စတင် မွေးဖွားနိုင်ခဲ့ပါပြီ။
ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဝပ်ဆင်ဝပ်ရဲ့ ရေဒါအစွမ်းနဲ့ ရန်သူလေယာဉ်များ လာနေတာကို ကြိုသိလာရုံမက တည်နေရာကိုပါ ထောက်လှမ်းနိုင်တဲ့အတွက် လက်ဦးမှုရယူပြီး တိုက်ခိုက်ချေမှုန်း နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နာဇီဂျာမနီ ရဲ့လေတပ် ဟာ အဆုံးအရှုံးများလာတဲ့အတွက် ဗြိတိန်နိုင်ငံအပေါ် လေကြောင်းဆင်နွှဲနေမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။
စစ်ကြီးပြီးဆုံးတဲ့နောက်မှာ ဂျာမန်ရေတပ် ဗိုလ်ချုပ်ဒိုးနစ်ဇ်က “အဏုမြူဗုံးပြီးလျှင် ဒုတိယ အကောင်းဆုံးလက်နက်ဖြစ်သည့် ရေဒါသည် မဟာ မိတ်တပ်များ စစ်အောင်နိုင်ရေးအတွက် အဆုံးအဖြတ်ပေးသည့်လက်နက် ဖြစ်သည်။ ရေဒါကို တီထွင်ခဲ့ကြသည့် သိပ္ပံပညာရှင်များသည် သူတို့တိုင်းပြည်၏ ကယ်တင်ရှင်များပင် ဖြစ်တော့ သည်”လို့ ရေးသားခဲ့ပါတယ်။
ရေဒါစွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ခြင်းကြောင့် ၁၉၄၁ ခုနှစ်မှာ ဆာဘွဲ့ချီးမြှင့် ခံခဲ့ရတဲ့ ဆာဝပ်ဆင်ဝပ်ကတော့ “ကျွန်ုပ်တို့သည် မိမိတို့တိုင်းပြည်အား တိုင်းတစ်ပါးမှ ကျူးကျော်မှုကို ကာကွယ်နိုင်ရန် အသိစိတ်ဓာတ်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ကြသည်” လို့ ဆိုပါတယ်။
အားကစားနယ်ပယ်တစ်ခုဖြစ်တဲ့ ဘောလုံး လောကက ပီလီ၊ မာရာဒိုနာ၊ ရိုနယ်ဒို (ဒိုကြီး)၊ ရော်နယ်ဒင်ဟို၊ မက်ဆီ၊ ရိုနယ်ဒို(ဒိုလေး)စတဲ့ ကမ္ဘာကျော်များဟာလည်း သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် မွေးဖွားဖြစ်တည်နိုင်ဖို့ ငယ်စဉ်ကတည်းက လူငယ်အကယ်ဒမီသင်တန်းကျောင်းတွေမှာ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ကြရတာပါပဲ။ လက်ရှိနော်ဝေနဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဆိုလည်း တစ်ချိန်က သူ့ဖခင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးရယူလိုတဲ့ စိတ်ကူးအိပ်မက်တွေကြောင့်ပဲ ဂျာမန်ဘွန်ဒါလီ ဂါလိဂ်ကနေ အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်သား ဟာလန်းရဲ့အိပ်မက်တွေဟာ အချိန်တိုအတွင်း အသက်ဝင်လာခဲ့တယ်လို့ ဆိုရပါမယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေရှုံးထွက်ဖလားအပါအဝင် တစ်ရာသီတည်း မှာ ဖလားသုံးလုံးဆွတ်ခူးရယူနိုင်ခဲ့ပြီး ဟာလန်း ကိုယ်တိုင်လည်း တစ်နှစ်တာ ဥရောပ အကောင်းဆုံး အားကစားသမားဆုကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။
အိပ်မက်တွေ ကိုယ်စီရှိခဲ့
ဆိုရရင် နယ်ပယ်အသီးသီး၊ အလွှာအသီးသီးက ထင်ရှားကျော်ကြားအောင်မြင်သူတိုင်းမှာ ဆိုင်ရာ ဆိုင်ရာ စွဲလမ်းတပ်မက်မှုတွေ၊ ရူးသွပ်မှုတွေ၊ စိတ်ကူးစိတ်သန်းအိပ်မက်တွေ ကိုယ်စီရှိခဲ့ကြတာ ချည်းပါပဲ။
iPhone ၊ iPad ၊ i-Tune စတဲ့ ဖန်တီးမှုလက်ရာ တွေ တစ်ခုပြီးတစ်ခု တီထွင်ခဲ့ပြီး Apple ကုမ္ပဏီရဲ့ CEO တစ်ဦးဖြစ်ခဲ့သူ စတိဗ်ဂျော့က စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်ချင်လို့ပါဆိုပြီး လာပြောကြတဲ့ လူငယ်တွေကို “မင်းမှာ ဘာအိုင်ဒီယာရှိသလဲ” လို့ မေးလေ့ရှိပြီး “ဘာအိုင်ဒီယာမှ မရှိသေးပါဘူး”လို့ ဖြေတဲ့အခါမျိုးမှာ “မင်းမှာ အရူးအမူးစွဲလမ်းတပ်မက် ရမယ့် ရမ္မက်တစ်ခု (တစ်နည်းအားဖြင့် စိတ်ကူး အိပ်မက်တစ်ခု) ရှာမတွေ့သေးမချင်း ဘတ်စ်ကား လက်မှတ်စစ်လို အလုပ်မျိုးပဲဖြစ်ဖြစ် ရှာပြီးတော့သာ လုပ်နေပေတော့”လို့ ပြောတတ်ပါတယ်။
မြန်မာလူငယ်မောင်မယ်၊ သားတို့သမီးတို့မှာလည်း ဘယ်လိုစိတ်ကူးအိပ်မက်တွေ ရှိနေပါသလဲ။ ကမ္ဘာကျော်မယ့်စိတ်ကူးအိပ်မက်တွေလား၊ ကိုယ့် အလွှာနယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားလိုတဲ့စိတ်ကူးအိပ်မက်တွေလား။ ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူး အိပ်မက်မှန်သမျှကတော့ ဈေးကြီးပါတယ်။ ။


