စက်တင်ဘာ ၁၂

မော်ရိုကိုနိုင်ငံတွင် အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၆၈၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅၀၁ ဦး ရှိလာကြောင်း မော်ရိုကိုအစိုးရအဖွဲ့၏ ယမန်နေ့ကထုတ်ပြန်သော နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

စပိန်နှင့် ဗြိတိန်နိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဗဟိုချက်အနီး Amizmiz ကျေးရွာသို့ ရောက်ရှိခဲ့ကြသည်။

ရဟတ်ယာဉ်များသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော မာရာကတ်ရှ်မြို့ဟောင်းနှင့် အခြားငလျင်ဘေးသင့်ဒေသများကြားသို့ ခေါက်တုံ့ခေါက်ပြန်ပျံသန်းနေကြသည်ကို တွေ့မြင်ရကြောင်းဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များကလည်း ငလျင်လှုပ်ခတ်မှုအပြင်းထန်ဆုံးဖြစ်သော တောင်ကုန်းဒေသများသို့ ဝင်ရောက်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒသုတေသနဌာနက မြောက်အာဖရိကနိုင်ငံဖြစ်သော မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၁၁ မိနစ်က အနက် ၁၈ ဒသမ ၅ ကီလိုမီတာတွင် ပြင်းအား ၆ ဒသမ ၈ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို