စက်တင်ဘာ ၁၄

မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံတကာခရီးသွား ၇၅၁၂၁၆  ဦး ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်များမှဝင်ရောက်သော ခရီးသွား ၅၅၈၁၉၉ ဦးနှင့် လေကြောင်းမှဝင်ရောက်သော ခရီးသွား ၁၉၃၀၁၇ ဦးတို့ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောသည်။

နိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမရှစ်လအတွင်း ဝင်ရောက်သောခရီးသွားများသည် တရုတ်၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှအများဆုံးဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံသို့ယခုနှစ်ရှစ်လအတွင်း ဝင်ရောက်သောခရီးသွားအရေအတွက်သည် ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော ခရီးသွား ၂၃၃၄၈၇ ဦးနှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားကဏ္ဍကို မြှင့်တင်ရန် ယင်းရောဂါကူးစက်ဖြစ်ပွားပြီးနောက်ပိုင်း ယခုနှစ် ဇန်နဝါရီလက ပထမဆုံးခရီးသွားပြပွဲကျင်းပခြင်းအပါအဝင် အမျိုးမျိုးသော အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမတိုင်မီ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့လာရောက်သော ခရီးသွားဦးရေ ၄ ဒသမ ၃၆ သန်းကျော်ရှိသည်ဟု တရားဝင်ကိန်းဂဏန်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို