ပုသိမ် ၁၉ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းအငူတွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးရှိရာ ကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို မော်တင်စွန်းဆရာတော်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ဗဟို ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော် ရေစက်ချအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များမှ ဆုတောင်းမေတ္တာပို့သပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခြင်းနှင့် ဆရာတော် သံဃာတော်များအား နေဆွမ်းဆပ်ကပ် လှူဒါန်းခြင်းများ ပြုလုပ်သည်။
မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်ကာ တစ်လတိုင် ကျင်းပသွားမည်ဖြစ်ပြီး ဘုရားဖူးလာရောက်ကြမည့် ပြည်သူများအနေဖြင့်လည်း ပုသိမ်မြို့မှတစ်ဆင့် ကားလမ်း၊ ရေလမ်းတို့ဖြင့် အလွယ်တကူ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ - မင်းသစ်(MNA)


