နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် (Country Programming Framework-CPF)  လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပသည်။

 

အစီအစဉ်အရ နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ် Ms. Xiaojie Fan တို့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် FAO လက်ထောက် ညွှန်ကြားရေးမှူးချုပ်နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Kundhavi Kadiresan တို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါ နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင်ကို ခန့်မှန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၇၅ သန်းဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ မြေယာ၊ သစ်တော၊ ရေအရင်းအမြစ်နှင့် ဂေဟစနစ်ဆိုင်ရာ အုပ်ချုပ်မှု အားကောင်းရေးနှင့် ရေရှည်စီမံခန့်ခွဲရေး၊ ဒေသခံလူထုနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စုများအတွက် သဘာဝဘေး၊ ရာသီဥတုပြောင်းလဲမှု၊ အပင်နှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကျရောက်မှုများအပေါ် ကြံ့ကြံ့ခံနိုင်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)