စစ်တွေ ၁၉ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နယ်တွင် မေလကုန်မှစတင်၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

 

33

 

“မေလအကုန်ပိုင်းမှာ မာန်အောင်မြို့ကို ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မယ်။ ဆိုလာ - ဒီဇယ် (Hybrid System)နဲ့ ဓာတ်အားဖြန့်ဖြူးပေးသွားမှာပါ။ နေရောင်ခြည်ရတဲ့အချိန်မှာ ဆိုလာနဲ့ ဘက်ထရီကို အားဖြည့်မယ်။ 


နေရောင်ခြည်မရဘူး၊ ဘက်ထရီအားကုန်တဲ့ အချိန်ဆိုရင် ဒီဇယ်စက်နဲ့ ကူမယ်။ မာန်အောင်ကျွန်း တစ်ကျွန်းလုံးကို ၂၄ နာရီ ဓာတ်အားရရှိဖို့ အပိုင်းသုံးပိုင်းပိုင်းပြီး ဓာတ်အားပေးမလို့ စီစဉ်ထားတယ်။ ဓာတ်အားစနစ်နဲ့ပေးဖို့က ပင်လယ်ဖြတ်ကျော် လိုင်းဆွဲရမှာဖြစ်ပြီး အခက်အခဲရှိတဲ့အတွက် ဆိုလာ Hybrid System မီးပေးမှာဖြစ်တယ်”ဟု ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

မာန်အောင်မြို့နယ် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် အပိုင်းသုံးပိုင်းခွဲ၍ စီမံဆောင်ရွက်လျက်ရှိပြီး အပိုင်း(၁)အနေဖြင့် ယခုနှစ်မေလကုန်မှ စတင်ကာ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာခြောက်ရွာရှိ အိမ်ထောင်စု ၁၈၂၃ စုအား ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့်အိမ်ထောင်စုများအား ၂၄ နာရီ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မာန်အောင်မြို့သည် သီးခြားဖြစ်နေသော ကျွန်းမြို့တစ်မြို့ဖြစ်ပြီး ပင်လယ်ပြင်အား ဖြတ်သန်းသွားလာရသဖြင့် မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်းသွယ်တန်း၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန်မှာ ငွေကြေးကုန်ကျမှု များမည်ဖြစ်သောကြောင့် အခြားမြို့များနည်းတူ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် POSCO Daewoo Corporation တို့ပူးပေါင်း၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ပြီး မာန်အောင်မြို့နယ် ခအုံးမော်ကျေးရွာအနီးရှိ စက်ရုံတည်ဆောက်မည့် မြေနေရာ၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ပန္နက်တင်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော် ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ လက်ရှိတွင် လျှပ်စစ်ဓာတ်အားကို ဒီဇယ်သုံးမီးစက်ကြီးမှတစ်ဆင့် ဖြန့်ဖြူးနေခြင်းဖြစ်ပြီး နံနက် ၅ နာရီမှ ၆ နာရီခွဲအထိတစ်ကြိမ်၊ ညနေ ၆ နာရီမှ ည ၁၀ နာရီခွဲထိတစ်ကြိမ် လျှပ်စစ်မီးဖြန့်ဝေပေးလျက်ရှိသည်။

 

 ယခုနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး စက်ရုံမှတစ်ဆင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သဖြင့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(ဟန်လင်းထက်)