မြောင်းမြ  ၁၉ ဖေဖေါ်ဝါရီ

 


မြောင်းမြခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ အမိန့်ကြော်ငြာအမှတ် (၁/၂၀၁၈)နှင့် အမိန့်ကြော်ငြာအမှတ် (၁/၂၀၁၉) အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နာယက၊ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဈေးဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


အသိပေးရှင်းလင်းပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလွင်က စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာအမှတ် ၁/၂၀၁၈ တွင်ပါရှိသော "ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖေါ်ပြခြင်း" ထုတ်ပြန်ထားရှိမှုကို ရှင်းလင်းပြောကြားပြီး အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၉ တွင် "ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာနှင့် ဖေါ်ပြရမည့်အပြင် ကုန်ပစ္စည်းများတွင် သုံးစွဲမှုအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖေါ်ပြချက်/ ကြိုတင်သတိပေးချက်နှင့် ဘေးထွက်ဆိုးကျိုး" များပါ ထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ထားရှိကြောင်း ရှင်းလင်းပြောကြားသည်။

 


မြောင်းမြခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က စားသုံးသူပြည်သူများ ဥပဒေ၏ ထီးရိပ်အောက်တွင် စားသုံးသူဆိုင်ရာ အခွင့်အလမ်းများ အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် ဈေးများ၊ ကုန်ရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ၊ ကုန်ထုတ်အလုပ်ရုံများတွင် ပူးပေါင်းအဖွဲ့များဖြင့် လှည့်လည်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူပြောပြချက်အရ သိရသည်။

 

အောင်မင်း (မြောင်းမြ)