နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 

ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့ တပို့တွဲလပြည့် (ဖေဖော်ဝါရီ ၁၉ ရက်) ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ တာဝေးစက်ဘီးအားကစားကွင်း၌ ကျင်းပသည်။

 

1

 

ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏  ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

2

 

ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မဲနှိုက်ရွေးချယ်ထားသော သတ်မှတ်နေရာများ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။

 

ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးဌာနအချင်းချင်း ခင်မင်မှုတိုးပွားစေရန်၊ စုစုစည်းစည်း လုပ်ဆောင်တတ်စေရန်၊ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ကာလဒေသနှင့် ကိုက်ညီစွာဖြင့် စုပေါင်းအင်အားကို ပြသနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

ရှေးဦးစွာ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်ရန် ပြင်ဆင်ထားရှိသည့် ပြိုင်ပွဲဝင် အသင်းများ၏ ဝတ်စားဆင်ယင်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာကြောင်း ဆေးလက်မှတ်နှင့် ဝန်ထမ်းစိစစ်ရေးကတ်၊ ထမနဲထိုးရာတွင် အသုံးပြုမည့် ပစ္စည်းများ  ခင်းကျင်းထားရှိမှုကို လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေးဆပ်ကော်မတီက လိုက်လံစစ်ဆေး အမှတ်ပေးကြသည်။

 

ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အရည်အသွေး  အမှတ်ပေး ဆပ်ကော်မတီကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ခရာမှုတ်အချက်ပေးကာ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အသင်းအသီးသီးသည် သတ်မှတ်ထားသည့် အချိန်တစ်နာရီအတွင်း အားကြိုးမာန်တက် ထမနဲထိုး ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ဌာနအလိုက် အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာ အားပေးကြသည်။

 

ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်အသင်းများက ပေးပို့လာသည့် ထမနဲများကို လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီက မှတ်တမ်းတင်ကာ ပြိုင်ပွဲဝင် Code နံပါတ်များ သတ်မှတ်ကာ အရည်အသွေး အမှတ်ပေးဆပ်ကော်မတီထံ ပေးပို့သည်။

 

ထို့နောက် လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီနှင့် အရည်အသွေး အမှတ်ပေး ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက အမှတ်ပေးခြင်းနှင့် အမှတ်ရေတွက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် ပြိုင်ပွဲဝင်ဝန်ကြီးဌာန (၂၁)သင်းအနက်မှ နှစ်သိမ့်ဆုရရှိသည့် ဝန်ကြီးဌာန(၁၈)ခု စာရင်းကို ကြေညာပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဒေါက်တာ မြလေးစိန်၊ ဦးအောင်ထူး၊ ဒေါက်တာထွန်းနိုင်နှင့် ဦးအောင်လှထွန်းတို့က ဆုငွေ ကျပ် တစ်သိန်းစီ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်တို့က တတိယဆုရရှိသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အသင်းအား ဆုငွေ ကျပ်သုံးသိန်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဦးခင်မောင်ချိုတို့က ဒုတိယဆုရရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းအား ဆုငွေကျပ် လေးသိန်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့က ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြိးဌာနအသင်းအား ဆုငွေကျပ် ငါးသိန်းနှင့် တံခွန်စိုက် ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများသည် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ဝန်ကြီးဌာန အသင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၊ နိုင်ငံကျော်တေးသံရှင်များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များက သီဆိုဖျော်ဖြေကြသည်။

 

ထမနဲပွဲသည် မြန်မာတို့၏ စည်းလုံးညီညွှတ်မှုကို ပြသသည့် ရာသီပွဲတော် တစ်ခုဖြစ်ပြီး ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည့် တပို့တွဲလတွင် ကျင်းပလေ့ရှိသည်။ မြန်မာတို့၏ စည်းလုံးညီညွတ်မှုနှင့် စေတနာ၊ သဒ္ဓါတရား ထက်သန်မှုကို တွေ့မြင်နိုင်ပြီး မိသားစုအလိုက်၊ ရပ်ကွက်ကျေးရွာအလိုက်၊ ဘာသာရေးအသင်းအဖွဲ့များ အလိုက်၊ ရုံးဌာနများအလိုက် စုပေါင်းထမနဲထိုးပွဲများ ကျင်းပပြုလုပ်ကြသည်။  

 

(သတင်းစဉ်)