စလင်း - စည်သူကျော်ထင်
၁၃၈၅ ခုနှစ် ပထမဝါဆိုလပြည့်နေ့ကို အင်းဝခေတ်စာဆိုအကျော် ရှင်မဟာရဋ္ဌသာရ၏ (၅၅၅) နှစ်ပြည့်အဖြစ် သတ်မှတ်ကြသည်။ ထိုခေတ်က မြန်မာစာပေလောက၏ ဂန္ထဝင်မြောက် ခေတ်ပြိုင်စာဆိုရှင် ဆရာတော် ရှင်မဟာရဋ္ဌသာရနှင့်အတူ စာပေလောက၌ ထင်ရှားခဲ့သည့် စာဆိုအကျော်အမော်များအနက် စာဆို အရှင်မဟာသီလဝံသထေရ်သည်လည်း တစ်ပါးအပါအဝင်ဖြစ်ပေရာ ယခုနှစ်သည် ယင်းစာဆိုရှင်၏ နှစ် (၅၇၀) ပြည့်လည်း ဖြစ်သည်။
ပေလေးပင် - ရှင်လေးပါး
“ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်-စွင့်လိမ့်လေ။ အကိုက်လေးဘော်၊ မြေမှပေါ်သော်၊ ရှင်ကျော် လေးဦး- ခူးလိမ့်လေ။ ခူးလည်းခူးလတ္တံ့၊ ကူးလည်းကူးလတ္တံ့၊ စူးလည်းစူးလတ္တံ့၊ မြူးလည်း၊ မြူးလတ္တံ့” ဟူ၍ တဘောင်တစ်ခု မိုးညှင်း မင်းတရားကြီး ဖြိုတော်မူသည့် သက္ကရာဇ် ၈၀၀ ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သည်။ ယင်းတဘောင်နှင့်အညီ တောင်တွင်းကြီးမြို့၌ “ပေလေးပင် - ရှင် လေးပါး” ပေါ်ပေါက်လိမ့်မည်ဟု နိမိတ်ထွန်းခဲ့သည်။
ထိုနိမိတ်တဘောင် ပေါ်ပေါက်ပြီးနောက် မကြာမီသက္ကရာဇ် ၈၁၅ ခုနှစ်တွင် တောင်တွင်းကြီး မြို့မြောက်ဘက် မြို့လုလင်ရွာတွင် နှစ်စို့၊ သတိုးထမ်းရွာတွင် တစ်စို့၊ မန်ကျည်းယောင်ရွာတွင် တစ်စို့- ပေစို့ကြီးလေးစို့တို့ အံ့ဖွယ်ပေါ်ပေါက်လာခဲ့သည်။ သက္ကရာဇ် ၈၁၅ ခုနှစ်အတွင်းမှာပင် ရှင်လေးပါး အဝင် တစ်ပါးဖြစ်သော “ရှင်ဥတ္တမကျော်” လောင်းလျာကို တောင်တွင်းကြီးမြို့ မြောက်ဘက်ရှိ မြို့လုလင်ရွာ၏ အရှေ့ပိုင်းနေ ဦးသောကြာ၊ ဒေါ်နှင်းဆီတို့က ဖွားမြင်ခဲ့သည်။ ထိုနေ့၌ပင် သတိုးထမ်းရွာ၌ ရှင်အုန်းညိုအလောင်းအလျာကို ဖွားမြင်ခဲ့သည်။ ထို့နောက် ခြောက်ရက်အကြာတွင် “တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင် သီလဝံ”ဟူ၍လည်းကောင်း၊ “သဒ္ဒါတွင် ရှင်မဟာကစ္စည်း၊ ကဗျာတွင် ရှင်မဟာသီလဝံသတည်း” ဟူ၍လည်းကောင်း ယခုတိုင် ဥဒါန်းတွင်လျက် ရှိပေသော ရဟန်းစာဆိုအကျော် ရှင်မဟာသီလဝံသ ဆရာတော်အလောင်းအလျာကို မြို့လုလင်ရွာ အရှေ့ပိုင်းနေ အသည်မျိုးဖြစ်သူ အဖ ဦးကြည်၊ အမိ နတ်ထိန်းကြီး ဒေါ်ဒွေးတို့က ဖွားမြင်ခဲ့သည်။
ရှင်မဟာသီလဝံသ အလောင်းအလျာ
ငယ်နာမည် မောင်ညိုဖြစ်သည်။ မောင်ညို ဖွားမြင်ပြီးနောက် မကြာမီပင် ရှင်ခေမာလောင်းလျာကို ဖွားမြင်ခဲ့ပြီး တဘောင်နှင့်အညီ ရှင်လေးပါးတို့ ထင်ရှားစွာ ပေါ်ပေါက်ခဲ့သည်။ မွေးရက်ကိုမူ မှတ်တမ်းမှတ်ရာ အထောက်အထား အတိအကျ တွေ့ရှိခြင်း မရှိသော်လည်း ရှင်မဟာသီလဝံသ အလောင်းအလျာ မောင်ညိုဖွားမြင်သည့် သက္ကရာဇ် ၈၁၅ ခုနှစ်မှစ၍ ရေတွက်သော် ယခု ၂၀၂၃ ခုနှစ် သည် စာဆိုရှင်မဟာသီလဝံသမထေရ်၏ နှစ် (၅၇၀) ပြည့်ပင် ဖြစ်သည်။
ထိုပေလေးပင် ရှင်လေးပါး အပါအဝင် ရှင်မဟာ သီလဝံသ အလောင်းအလျာကို တောင်တွင်းကြီး မြို့စား သီဟပတေ့ကြီး ဆောက်လုပ်လှူဒါန်းသည့် ရတနာ့ဗိမာန်ကျောင်း နတ်မီးလင်းဆရာတော်ထံတွင် ပညာသင်ရန် အပ်နှံခဲ့ရာ ပျို့၊ ကဗျာ၊ လင်္ကာ စပ်ဆိုမှု၌ အထူးထက်သန်လျက် ကျောင်းနေဖက်များ အလယ်တွင် အလွန်ထင်ရှားခဲ့လေသည်။
ထင်ရှားပုံသာဓကမှာ မောင်ပဉ္စင်းတို့သည် သစ်ခေါင်းတွင် ပေါက်နေသော အောက်ချင်းငှက် တို့၏ တစီစီ တကျာကျာ အော်မြည်သံကို ကြားရ၍ “အောက်ချင်း ရင်သွေး၊ ဥကမွေးသည်၊ ကွေးလေး နုနယ်၊ သနားဘွယ်”ဟု စာစပ်ကြလေသည်။ ထိုသို့ ကြားရသောအခါ ရှင်မဟာသီလဝံသ အလောင်း အလျာက “ကိုယ်တော်တို့ စာစပ်မမှန်” ဟုဆိုကာ “အောက်ချင်း ရင်အောက်၊ ဥကပေါက်သည်၊ တောင်ရောက်နုနယ်၊ သနားဘွယ်” ဟူ၍ သဘာဝ ကျအောင် စပ်ဆိုပြသည်ကို ကျောင်းနေဖက်များကပင် ချီးကျူးကြရသည်ဟုဆိုသည်။
ရဟန်းအဖြစ်သို့ ရောက်ရှိ
ထို့နောက် သက္ကရာဇ် ၈၃၀ ပြည့်နှစ်တွင် ဆရာတော်လောင်းလျာသည် အသက် ၁၅ နှစ်သို့ ရောက်သော် နတ်မီးလင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြု ၍ ရှင်သာမဏေဘောင်သို့ ရောက်ရှိသည်။ သက္ကရာဇ် ၈၃၅ ခုနှစ် အသက် ၂၀ ပြည့်တွင် ရဟန်း အဖြစ်သို့ ရောက်ရှိပြီး ရှင်သီလဝံသဘွဲ့တော်မည်လေသည်။
သက္ကရာဇ် ၈၅၃ ခုနှစ်၊ သက်တော် ၃၈၊ ဝါတော် ၁၈ ဝါရသော် “ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က”ချီ “ပါရမီ တော်ခန်းပျို့”ကို ရှေးဦးပထမ စပ်ဆိုတော်မူသည်။ သက္ကရာဇ် ၈၅၅ ခုနှစ်တွင် အင်းဝနေပြည်တော်သို့ ကြွရောက်ပြီး တံတားဦးအရပ်သို့ ရောက်လတ် သော် “အင်းဝနေပြည်တော်သို့ ဆင်ဖြူတော်ဝင် သည်” ဟု ကောလာဟလ ဖြစ်လေသည်။ ထိုအချိန် က အင်းဝနေပြည်တော်ကို အုပ်ချုပ်သောဘုရင် ဒုတိယမင်းခေါင် ကြားသိသောအခါ စစ်ကိုင်းမြို့ ထူပါရုံစေတီတော်၏ အရှေ့မြောက်ဘက်ရှိ “ရတနာ့ဗိမာန်” ကျောင်းကို တင်လှူတော်မူခဲ့သည်။
စာပေလက်ရာနှင့် ကျမ်းပြုစုမှုများ
အင်းဝသို့ ရောက်ရှိပြီး သုံးနှစ်ခန့်အကြာတွင် “ကြာပိမ့် ကြက်သရေ၊ အောင်မြင်စေအံ့” အစချီ တံတားဦးတည် မင်္ဂလာစေတီတော်မော်ကွန်းကို ရေးသားတော်မူသည်။ ထိုနှစ်အတွင်းမှာပင် ရှင်မဟာရဋ္ဌသာရက ပါရမီတော်ကို မည်သို့ဖြည့် ကျင့်၊ ဆည်းပူးငြားသော်လည်း ဆုတောင်းဦးမှဘုရား ဖြစ်နိုင်သည်ဟု မြွက်တော်မူသည်ကို ကြားသိသော် ရှင်သီလဝံသသည် “ဗောဓိညောင်ရွှေ၊ ဗုဒ္ဓဟေ အောက်၊ ဆန်းကြယ်ပေါက်သား” ချီ “ဆုတောင်းခန်း ပျို့” ကို ရက်အနည်းငယ်အတွင်း အပြီးစပ်ဆိုတော်မူ ခဲ့ရာ အံ့ဘွယ်သရဲ၊ ထူးကဲပေသည်ဟု “ရှင်မဟာ သီလဝံသ”ဘွဲ့အမည် ကျော်စောခဲ့ကြောင်း သိရပေသည်။
သက္ကရာဇ် ၈၆၃ ခုနှစ်တွင် ဒုတိယဘုရင်မင်းခေါင် နတ်ရွာစံသော် သားတော်ရွှေနန်းကြော့ရှင်ဘုရင် နရပတိ နန်းတက်တော်မူသည်။ ထိုနှစ်၌ပင် ရှင်မဟာသီလဝံသသည် ထင်ရှားတွေ့ရှိသမျှသော မြန်မာစကားပြေတို့တွင် အဦးဆုံး အဟောင်းဆုံးဖြစ် သည့် “ပါရာယနဝတ္ထု” ကို ရေးသားစီရင်တော်မူခဲ့ သည်။ နောက်တစ်နှစ်ဖြစ်သော သက္ကရာဇ် ၈၆၄ ခုနှစ်တွင် တွေ့ရှိသမျှသော ရာဇဝင်ကျမ်းတို့၌ အဦးဆုံး အဟောင်းဆုံးပင် ဆိုနိုင်သည့် “ရာဇဝင်ကျော်”ကျမ်းကို ပြုစုတော်မူခဲ့ သည်။ သက္ကရာဇ် ၈၇၂ ခုနှစ်တွင် ဘုရင်နရပတိ ရွှေနန်းတော်သစ် တည်ဆောက်ရာ “ရှုဘွယ် လော့ဖြူး၊ လူသုံးဦးတို့” ချီ ရွှေနန်းကြော့ရှင် နန်းတည်မော်ကွန်းကိုလည်းကောင်း၊ ဓမ္မပါလပျို့ကို လည်းကောင်း စပ်ဆိုတော်မူခဲ့သည်။
ဤသို့ မြန်မာစကားပြေ၊ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း စသည်တို့ကို ရေးသားစပ်ဆိုတော်မူခဲ့သော ရှင်မဟာသီလဝံသ ထေရ်အရှင်မြတ်သည် သက္ကရာဇ် ၈၈၀ ပြည့်နှစ် သက်တော် ၆၅ နှစ်၊ ဝါတော် ၄၅ ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ရာဇဝင်ကျော်ကို လေ့လာခြင်း
ရှင်မဟာသီလဝံသရေးသော ရာဇဝင်ကျော်ကို “သမန္တပါသာဒိက”ဟု မူလအမည် မှည့်ထားကြောင်းသိရသည်။ ရာဇဝင်ကျော်တွင် (၁) မဟာသမတ ရာဇဝင်ခန်း၊ (၂) သီဟိုဠ်ရာဇဝင်ခန်း၊ (၃) မြန်မာ ရာဇဝင်ခန်းဟု သုံးပိုင်းခွဲခြားထားပြီး ပထမနှစ်ခန်း မှာ မဟာဝံသနှင့် ဒီပဝံသပါဠိကျမ်းများကို အကျဉ်းချုံး ထားခြင်းဖြစ်သည်။ ကျီးသဲဆရာတော် ပြန်ဆို ရေးသားထားသော မဟာဝင်စကားပြေကျမ်းသည် ပါဠိဂါထာဖြင့် ရှိနေသော မဟာဝံသပါဠိကို တိုက်ရိုက် ပြန်ဆိုထားခြင်းဖြစ်ပြီး ရှင်မဟာသီလဝံသတို့ ခေတ်တွင် ထိုစကားပြေမျိုး မပေါ်ပေါက်သေးကြောင်း၊ အလွန်ရှည်လျား ကျယ်ဝန်းလှစွာသော ပါဠိဂါထာ မဟာဝံသ၊ ဒီပဝံသပါဠိများသည် ထိုခေတ်ထိုအခါ က လေ့လာရန်ခက်ခဲပြီး သာမန်လူတို့ ကြည့်ရှု လေ့လာရန် မလွယ်ကူသေးကြောင်း၊ ထိုသို့ရှည်လျား ကျယ်ဝန်း၍ အကြည့်ရခက်သော မဟာဝင်၊ ဒီပဝင် ကို အကျဉ်းချုပ်ရာ ငုံမိခြုံမိအောင် သိပ်သည်းစွာ ပြန်ဆိုရေးသားထားသောကြောင့် “ရာဇဝင်ကျော်” ခေါ်ဆိုကြဟန်ရှိကြောင်း၊ ဤရာဇဝင်ကျော် သည် (၁) အဦးအစလောက်သော ရာဇဝင်ဖြစ်ခြင်း၊ (၂) အစောဆုံးမြန်မာပြန်ဖြစ်ခြင်း၊ (၃) အစောဆုံး နိဿယကျမ်းဖြစ်ခြင်း သုံးချက်ကြောင့် မြန်မာစာပေ နယ်ပယ်၌ သမိုင်းဝင်စာစောင်အဖြစ် ထားရှိသင့် သည်ဖြစ်ကြောင်း ဟံသာဝတီပုံနှိပ်တိုက်၏ စကားချီး တွင် ဖော်ပြထားသည်။
ရာဇဝင်ကျော်သည် ၁၆ ရာစုတွင် ထွက်ပေါ်ခဲ့သော ဗုဒ္ဓဘာသာသမိုင်းကြောင်းနှင့် မြန်မာ့သမိုင်း ရာဇဝင်ကျမ်းတစ်ခုလည်း ဖြစ်သည်။ ရှင်မဟာ သီလဝံသထေရ်သည် ဤကျမ်းပထမပိုင်းကို ၈၆၃ တွင် ရေးသားခဲ့ပြီး ဘာသာရေးဆိုင်ရာ သမိုင်း စာတမ်းဖြစ်ကာ မဟာဝံသနှင့် ဒီပဝံသတို့ကို မြန်မာဘာသာဖြင့် ရေးသားထားသည်။ ပထမပိုင်းသည် ရှေးခေတ် အိန္ဒိယနှင့် သီဟိုဠ်(သီရိလင်္ကာ) ဘုရင် များအကြောင်းကို ဗုဒ္ဓဘာသာဒဏ္ဍာရီနှင့် သမိုင်းတို့အပေါ် အခြေခံရေးသားထားသည်။ ယင်းနောက် ၁၅၂၀ ပြည့်နှစ်တွင် ၁၄၉၆ ခုနှစ်အထိ မြန်မာဘုရင်များအကြောင်းကို နောက်ဆက်တွဲအနေဖြင့် ဖြည့်စွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံက ရာဇဝင်ကျမ်းတွေဟာ ရေးပုံရေးနည်းကတော့ မဟာဝင်ရေးနည်းပုံစံပါပဲ။ ရှေးကမင်းတွေရဲ့ မင်းစဉ်မင်းဆက် အရေးထား ရေးပါတယ်။ တိုင်းသူပြည်သားအကြောင်း အရေးထား မရေးပါ ဘူး။ မင်းရဲ့မျိုးရိုး၊ မင်းရဲ့မိဘ၊ မင်းရဲ့ တန်ခိုး၊ မင်းရဲ့ စစ်ပွဲ ဒါတွေပဲရေးတယ်။ ဒါဟာ မဟာရာဇဝင်ကျမ်း မှာရေးတဲ့ ရေးနည်းပဲ။ ဒီလိုရေးပုံနဲ့ ထင်ရှားလာ တဲ့ဟာက ရာဇဝင်ကျော်ပဲ။ ရှင်မဟာသီလဝံသကရေးတယ်။ ဘယ်နေ့ဘယ်ရက် ရေးတယ်မသိရဘူး။ ခရစ်နှစ် ၁၅၂၀ ခန့်ကလို့ ခန့်မှန်းရပါတယ်။ အထဲမှာ ပါတာက ကမ္ဘာတည်တယ်။ ပြီးတော့ ဘယ်လိုပေါ် လာတယ်ဆိုတာ ရေးတယ်။ အဲဒီအချက်မှာတော့ မြန်မာ့ယဉ်ကျေးမှု အခြေခံအချက် ဖြစ်ပါတယ်။ မှတ်သားစရာ ကောင်းပါတယ်။ လူတွေဟာ သစ္စာရှိ သူ၊ အကျင့်ကောင်းသူ၊ အများအကျိုး ဆောင်နိုင်သူကို ရှာတယ်။ တွေ့တော့ အများအကျိုးအတွက် အုပ်ချုပ်ပေးပါ တောင်းဆိုတယ်။ အုပ်ချုပ်ပေးတဲ့ အတွက် တန်ရာတန်ကြေးပေးပါ့မယ် ကတိခံတယ်။ မဟာသမ္မတက ပြည်သူတွေရဲ့ လုံခြုံမှုကို တာဝန်ယူ ရတယ်။ အခွန် ၁၀ ဘို့တဘို့ ပေးရတယ်။ အပြန်အလှန် အကျိုးပြုတယ်၊ ချို့ယွင်းတဲ့ဘက်က ခံရတယ်၊ သမ္မတဘက်က ချို့ယွင်းရင် အများက ဖယ်ရှား တယ်၊ ပြည်သားက ချို့ယွင်းရင် ပြည်သားခံရတယ်။ အဲဒီအချက်တွေ မှန်တာမမှန်တာကို ထားလိုက်၊ ရာဇဝင်ကျော်ဟာ ဒီအခြေခံနဲ့ ရေးလာလိုက်တာ မင်းဆက်တွေ ပြောင်းခဲ့ပြီး ဂေါတမဘုရားလက်ထက် ရောက်လာတယ်။ ဂေါတမဟာ ရှင်ဘုရင် မလုပ်ဘဲ သံသရာက အများလွတ်မြောက်အောင် လုပ်ပုံရေး တယ်။ နောက်တော့ မြန်မာနိုင်ငံအကြောင်း ဆက်ရေး တယ်။ ဘုရားဟာ မြန်မာနိုင်ငံမှာ ခုနစ်ရက်နေတယ်။ မင်းဘူးခရိုင် ရောက်တယ်။ အိန္ဒိယနဲ့ ယဉ်ကျေးမှု ဆက်ဆံပုံ၊ မြန်မာတွေ ယဉ်ကျေးမှုရပုံ ရေးတယ်။ တကောင်း၊ ပုဂံ၊ အင်းဝအကြောင်း ခရစ်နှစ် ၁၅၂၀ ခန့် အဖြစ်အပျက်အထိ ရေးတယ်။ ဒါဟာ မဟာဝင် ပုံစံနဲ့ ရေးနည်းပဲ”ဟု ဆရာကြီး ဒေါက်တာသန်းထွန်း ၏ “ပုဂံခေတ်လူမှုရေး” စာအုပ်မှ “မြန်မာနိုင်ငံ သမိုင်းသုတေသန” စာတမ်းတွင် သုံးသပ်ပြဆိုထားသည်။
(ဆက်လက်ဖော်ပြပါမည်)


