စစ်ကိုင်း ၁၉ ဖေဖော်ဝါရီ
စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်အတွင်းရှိ ဇိနမာရ်အောင် လောကချမ်းသာ (ကြေးဘုရားကြီး) ၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာအစဉ်အလာမပျက် ထည့်သွင်းကျင်းပလာသည့် ဘဲဥထုပွဲတော်ကို ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက စတင်ကျင်းပသည်။
ဘဲဥထုပွဲတွင် ဘဲဥရောင်းချသူများက ဘဲဥပြုတ်ပြီးသားတစ်လုံးလျှင် ငွေကျပ် ၂၅၀ ဖြင့် ရောင်းချကြကြောင်း၊ ဘဲဥထုပွဲတွင် ထုမည့်သူနှစ်ယောက် ပါဝင်ရမည်ဖြစ်ကာ ထုသည့်အခါ ပိန့်ရာအက်ရာဖြစ်သည့် ဘဲဥ ပိုင်ရှင်က ဘဲဥဖိုးရှင်းရပြီး နိုင်သည့်သူက ပိန့်သည့်ဘဲဥအား ရရှိမည်ဖြစ်ကြောင်းနှင့် ဘဲဥနှစ်လုံးစလုံးပိန့်ပါက အောက်ကခံသည့် ဘဲဥပိုင်ရှင်က အနိုင်ရရှိကြောင်း လောကချမ်းသာ (ကြေးဘုရားကြီး) ၏ ဓမ္မရက္ခိတ လူမှုရေးအသင်းနာယက ဦးစံထွန်းက ပြောသည်။
“ဒီဘဲဥထုပွဲက မြန်မာတစ်နိုင်ငံလုံးမှာမှ စစ်ကိုင်းမြို့ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီးရဲ့ ဘုရားပွဲတော်မှာပဲ ဘဲဥထုပွဲဆိုတာ ရှိတာပါ၊ ဒီပွဲကတော့နှစ်ပေါင်း အတိမကျမသိဘူး၊ ရှေးမြန်မာဘုရင်မင်းတွေ လက်ထက်က အစေခံခံ တပ်ကင်းသမားတွေ၊ လှေတော်သားတွေ ညဘက်အပျော်ဆော့ကြရင်း ဖြစ်လာတဲ့ပွဲပါ၊ ဘဲဥထုဖို့အတွက် လူနှစ်ယောက်လိုပါတယ်၊ ဘဲဥထုတဲ့အခါ ပိန့်သွားတဲ့ ဘဲဥဘက်က အရှုံး၊ အဲခါကျ သူက ဘဲဥဖိုး ပိုက်ဆံရှင်းရပါတယ်၊ နိုင်တဲ့သူက အဲဒီဘဲဥ ကို ယူရပါတယ်” ဟု ပြောသည်။
အဆိုပါ ဇိနမာရ်အောင် လောကချမ်းသာ(ကြေးဘုရားကြီး) ဗုဒ္ဓပူဇနိယပွဲတော်ကိုဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ဘုရားအမှူးရှိသော ဆရာတော်၊ သံဃာတော် ပင့်သံဃာအပါး ၁၂၀ တို့အား ဆွမ်းဆန်တော်နှင့်အတူ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


