ရန်ကုန် ၁၉ ဖေဖော်ဝါရီ

မကြာမီဖွင့်လှစ်မည့် မြောင်းမြတံတား အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တည်ဆောက်ဆဲ တံတားများဖြစ်သည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စော်ကဲ၊ ကျွန်းပြဿဒ်၊ ပင်လယ်လေးနှင့် ပုသိမ်တံတား၊ မွန်ပြည်နယ်ရှိ အတ္တရံတံတား၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတားနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတား အမှတ်(၃)တို့တွင် J&M သံမဏိစက်ရုံထုတ် သံမဏိသံပေါင်များကို အသုံးပြုတည်ဆောက်လျက်ရှိကြောင်း တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

မြန်မာနိုင်ငံ၏ သံမဏိသံပေါင် လိုအပ်ချက်အရ J&M Steel Solutions Co. Ltd.မှ သံမဏိစက်ရုံ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံက ၄၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၆၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံ၍ သာကေတ မြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ မြေ ၁၆ ဧကပေါ်၌ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် စတင်ထုတ်လုပ်နိုင်ခဲ့သည်။

အဆင့်မီထုတ်လုပ်တည်ဆောက်

"အရင်က နိုင်ငံအတွက် လိုအပ်နေတဲ့ သံမဏိသံပေါင်တွေ၊ အထူးသဖြင့် တံတားကြီးတွေဆောက်ဖို့ သံမဏိသံပေါင်တံတားတွေကို နိုင်ငံခြားငွေနဲ့ မှာယူတင်သွင်းရတယ်။ အချိန်ပေးရတယ်။ အခုဆိုရင် ပြည်တွင်းမှာပဲ မြန်မာ ကျပ်ငွေနဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်တယ်။ အနည်းဆုံးက သယ်ယူပို့ဆောင်စရိတ် သက်သာသွားတယ်။ လိုအပ်တဲ့ပစ္စည်းကို လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ (ဥပမာ) မြောင်းမြတံတားလိုမျိုး အရေးပေါ်ဖြစ်သွားတဲ့ အခြေအနေမျိုးဆိုရင် မူလ ဆောက်နေတာက ပုံစံတစ်မျိုး၊ အရေးပေါ် ဖြစ်သွားတဲ့အခါ ပုံစံပြန်ပြောင်းရတယ်။ ဒီစက်ရုံရှိနေတဲ့အတွက် စက်ရုံက ကျွမ်းကျင်ပညာရှင်၊ ဒီဇိုင်းပညာရှင်တွေနဲ့ တိုင်ပင်၍ ပုံစံပြန်ပြောင်းပြီး တစ်နှစ်အတွင်းမှာ ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် တံတားကို ရှစ်လအတွင်း ပြီးစီးအောင် မူလပုံစံကနေ ပုံစံပြန်ပြောင်းပြီး အဆင့်မီ ထုတ်လုပ်တည်ဆောက်နိုင်ခဲ့ပါတယ်"ဟု ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ကောင်းချိုက ဆိုသည်။

စက်ရုံစတင်ချိန်က တစ်နှစ်လျှင် တန်ချိန် တစ်သောင်း ထုတ်လုပ်နိုင်ခဲ့ ပြီး ယနေ့အချိန်ထိ သံမဏိသံပေါင် စုစုပေါင်းတန်ချိန် ရှစ်သောင်း ထုတ်လုပ်နိုင်ခဲ့ကာ တစ်နှစ်တန်ချိန် သုံးသောင်း ထုတ်လုပ်နိုင်ရန် ရည်မှန်းဆောင်ရွက် လျက်ရှိသည်။

"အခု တည်ဆောက်ပြီးတဲ့ တံတားတွေ တော်တော်များများက ပြီးစီးသွားပါ ပြီ။ Plate Girder အမျိုးအစား သံမဏိ သံပေါင်တံတားအစင်း ၇၀ ကျော်ပါပြီ။ Steel Truss Type Bridge ဆိုတဲ့ သံမဏိသံပေါင်ရိုးတံတား ၁၅ စင်း ကျော် သွားပါပြီ။ Box Gider Type Bridge ဆိုတဲ့ သံမဏိသံပေါင် တံတားဆိုရင် ၁၃ စင်း၊ အခုဆိုရင် ထုတ်လုပ်ပြီးတဲ့ သံမဏိသံပေါင်တံတားပေါင်းက အစင်း ၁၀ဝ ဝန်းကျင်ရှိသွားပါပြီ” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တံတားများအပြင် ရန်ကုန်မြို့ ကုက္ကိုင်း ခုံးကျော်တံတားနှင့် ဆိပ်ခံတံတားများ ကိုလည်း J&M Steel Solutions Co.Ltd စက်ရုံကထုတ်သည့် သံမဏိ သံပေါင်များနှင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ပြည်ပသို့ သံမဏိသံပေါင်တင်ပို့

ပြည်ပပို့ကုန်များအနေဖြင့် လာအို နိုင်ငံသို့ ၂၀၁၄ ခုနှစ်က တန်ချိန် ၂၀ဝ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၇-၂၀၁၈ တွင် တန်ချိန် တစ်သောင်းနှင့် သီရိလင်္ကာနိုင်ငံ သို့ ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၃၀ဝ တင်ပို့ နိုင်ခဲ့ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တန်ချိန် ရှစ်ထောင် ထပ်မံပေးပို့လျက် ရှိရာ အိန္ဒိယနိုင်ငံသို့လည်း သံမဏိ သံပေါင်များ ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သံမဏိစက်ရုံတွင် မြန်မာ နိုင်ငံမှ အင်ဂျင်နီယာများ အပါအဝင် ဝန်ထမ်းအင်အား ၆၀ဝ နီးပါး တာဝန်ထမ်းဆောင်လျက်ရှိပြီး မြန်မာနိုင်ငံသား ဝန်ထမ်းများ အရည်အသွေးပြည့်ဝရေး နှင့် လုပ်ငန်းကျွမ်းကျင်မှုရရှိရေးအတွက် ဂျပန်ပညာရှင်များက ပြည်တွင်း၌ သင်တန်းများ ပို့ချပေးလျက်ရှိသကဲ့သို့ ဂျပန်နိုင်ငံသို့လည်း နှစ်စဉ်စေလွှတ်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမော်

mdn