ဂျေရုဆလင်၊ အောက်တိုဘာ ၁၈

 

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာ ၁၇ ရက်နေ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူအားလုံးမှာ အရပ်သားပြည်သူများ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်အထိ သေဆုံးသူ အရေအတွက်မှာ ၅၀၀ ထက်မနည်းရှိပြီ ဖြစ်သည်။

 

အစ္စရေးနှင့် ပါလက်စတိုင်းအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာတွင် ယခင်ကဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သည့်အတွက် အခြားဆေးရုံများ အလားတူတိုက်ခိုက်ခံရမည်ကို စိုးရိမ်ကြောင်း ၎င်းတာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

 

အောက်တိုဘာ ၁၇ ရက်က ဂါဇာကမ်းမြောင် အလယ်ပိုင်းခရိုင်များမှာ ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု အများအပြား ဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ ဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း အာရပ်မီဒီယာများက ပြောကြားသည်။

 

Al Hadath ရုပ်မြင်သံကြားဌာနက ပေါက်ကွဲမှုများသည် အစ္စရေးလေတပ်မှ ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှု ဟု သတ်မှတ်ခဲ့သည်။ ဂါဇာကမ်းမြောင်ရှိ ဆေးရုံသို့ ဒုံးကျည်ပစ်လွှတ်မှုတွင် ဟားမတ်စ်အဖွဲ့တာဝန်ရှိသည်ဟု အစ္စရေး တပ်ဖွဲ့က ပြောကြားခဲ့သည်။

 

၎င်းတိုက်ခိုက်မှုအား တရုတ်နိုင်ငံက ရှုတ်ချကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးနှင့် အရပ်သားပြည်သူများအား ကာကွယ် စောင့်ရှောက်ရေးအတွက် တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ