မုံရွာ ၂ဝ ဖေဖော်ဝါရီ 
    

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက် မိုဃ်းကောင်းရှင်ပင်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမအကြိမ်အဖြစ် မြင်းအသားကျမောင်းနှင့် ဒုန်းမောင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ဝ နှင့် (၂၁)ရက်နေ့တို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
    

''ရှေးဘုရင်လက်ထက်ကတည်းက မြင်းခင်းသဘင် ပွဲတော်တွေ ကျင်းပပြီးဆင်းသက်လာခဲ့တာ ဒီဘက်ခေတ်မှာဆိုရင် ပြိုင်ပွဲတွေအဖြစ် ကျင်းပလာတယ်၊ အရင်က နိုင်ငံတော်အဆင့်မြင်းပြိုင်ပွဲတွေ ကျင်းပပေးတယ်၊ နောက်ပိုင်းမှာတော့ မြင်းပြိုင်ပွဲတွေက ကွင်းအခက်အခဲ၊ အကြောင်းအမျိုးမျိုးတွေကြောင့် ကျင်းပခြင်းမရှိတာ အတော့ကို ကြာနေပြီ။ အခုအချိန်ကြမှ ဘုရားပွဲတော်တွေမှာထည့်သွင်းပြီး ကျင်းပလာတာ ဖြစ်တယ်၊ မြင်းပြေး လမ်းကလည်း အရှည်ပေ (၁၂ဝဝ)ကနေ (၁၅ဝဝ) လောက်အထိ ဖောက်ပေးရတဲ့အတွက် ကွင်းအပိုင်တွေမရှိတော့ ပြိုင်ပွဲတွေ မလုပ်နိုင်တော့ ဆုတ်ယုတ်သွားတာ အခုမှပြန်လည်ဖော်ထုတ်ကျင်းပတာပါ၊ ရှေးရိုးရာမပျက်အောင်ရယ်၊ နောင်လာနောင်သားတွေ မြင်းပြိုင်ပွဲဆိုတာ ဒီလိုပါလားဆိုတာ သိရအောင်လို့ပါ၊ မြင်းပြိုင်ပွဲတွေ အများအပြားပေါ်လာဖို့ကလည်း နိုင်ငံတော်ကပံ့ပိုးပြီးတော့ ပြိုင်ပွဲတွေပြန်လည် ကျင်းပပေးခြင်းအားဖြင့် မြင်းမျိုးကောင်း မျိုးသန့်တွေ ပေါ်ထွန်းလာမယ်၊ မြင်းစီးသမားကောင်းတွေ ပေါ်ထွန်းလာပြီး နိုင်ငံ တကာအဆင့်အထိ ထိုးဖောက်နိုင်မယ်လို့ ပြောချင်ပါတယ်'' ဟုမြင်းပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးစံငြိမ်းက ပြောသည်။
    

မြင်းအသားကျပြိုင်ပွဲသို့  မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် မြင်းအကောင်(၂ဝ) ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် မြင်းဒုန်းပြိုင်ပွဲအား ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)

 

123