နယူးယောက် အောက်တိုဘာ ၃၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ဉာဏ်ရည်တုစနစ်များပေါ်တွင် ဘေးကင်းရေးအစီအမံများကို အကောင်အထည်ဖော်ရန် စီရင်ဆုံးဖြတ်ခွင့်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
လျင်မြန်စွာပြောင်းလဲနေသော ဉာဏ်ရည်တု နည်းပညာကြောင့် အများပြည်သူ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို မထိခိုက်စေရန် အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ထုတ်ပြန်သည်။ အဆိုပါအမိန့်တွင် အများပြည်သူ သိရှိအောင်မထုတ်ပြန်မီ ဘေးကင်း ကြောင်းသေချာစေရန် ကျယ်ပြန့်သော လုံခြုံရေးစမ်းသပ်မှုဆိုင်ရာစံနှုန်းများထားရှိရန်၊ ဉာဏ်ရည်တုနည်းပညာရှင်များအနေဖြင့် လုံခြုံရေးစစ်ဆေးမှုရလဒ်များနှင့် အခြားအရေးကြီးသော အချက်အလက်များကို အစိုးရနှင့်မျှဝေဆောင်ရွက်သွားရန် ဖက်ဒရယ် အေဂျင်စီများကို ညွှန်ကြားထားသည်။
ဉာဏ်ရည်တုနည်းပညာဖြင့် ထုတ်လုပ်သည့် အကြောင်းအရာများကို ရှင်းလင်းစွာတံဆိပ်တပ်ရန်၊ အကြောင်းအရာ စစ်မှန်ကြောင်း အထောက်အထားပြခြင်းနှင့် ရေစာအမှတ်အသားပြုလုပ်ခြင်းအတွက် အစိုးရက လမ်းညွှန်ချက် ပြုစုမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော အရေးကြီးသည့် နယ်ပယ်များတွင် ဉာဏ်ရည်တု နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်း များအတွက် ထောက်ပံ့ကြေးများ တိုးချဲ့သွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ


