နေပြည်တော် ၂၀ ဖေဖော်ဝါရီ
နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် အမျိုးသား (၆၁၉၄)ဦး၊ အမျိုးသမီး (၅၀၅၄)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၁၁၂၄၈)ဦး ချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း လက်ခံရရှိမှု (၁၀၆) မှုတွင် ကျေအေးမှု (၂၇) မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၄) မှု၊ ပိတ်သိမ်းမှု (၂၂) မှုနှင့် ငွေကြေးအကျိုးခံစားခွင့် (၅၃) မှု တို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၂၇၄ ဦးအား ငွေကျပ် ၈၀၀၁၀၂၅၃ ကို ခံစားခွင့်ရရှိစေခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့်ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော် ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/အလုပ်ရုံ (၃၅၀) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၄၀) ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခုံသမာဓိအဖွဲ့မှ အလုပ်သမားရေးရာ အငြင်းပွားမှု (၄)မှု လက်ခံရရှိရာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း တရားစွဲဆိုဆောင်ရွက်ပြီးစီးမှု (၁)မှုမှ အလုပ်သမား (၁)ဦးအတွက် ငွေကြေးအကျိုးခံစားခွင့် ကျပ် ၁၀ သိန်း ကျော်ရရှိစေခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၈၆၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အလုပ်သမား ဆေးရုံကြီး (၃)ရုံ ပြင်ပလူနာ ၇၄၄၆ ဦး၊ အတွင်းလူနာ ၆၂၀ ဦးပေါင်း ၈၀၆၆ ဦး၊ လူမှုဖူလုံရေး ဆေးခန်း(၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၄)ခန်းနှင့် PPS စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၅)ခန်းတို့မှ ဆေးကုသပေးမှုပေါင်း ၇၃၆၆၂ ဦး၊ အလုပ်သမားဆေးရုံကြီး (၃)ရုံမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသပေးမှု (၅)ကြိမ်မှ ၉၂၀ ဦး၊ လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသမှု (၆၂)ကြိမ်မှ ၁၉၅၇ ဦး၊ ရွေ့လျားဆေးကုသယာဉ် (MMU)ဖြင့် အလုပ်ဌာန (၃၁)ဌာနတွင် ဆေးကုသပေးမှုမှ ၆၂၅ ဦးတို့ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


