နေပြည်တော် ၂၀ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးမှ ပထမအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ခေါင်းဆောင် Mr. Oliver Hoos အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် မြန်မာနိုင်ငံမှ အားကစားနည်းပြများအား ဂျာမနီနိုင်ငံရှိ နည်းပြသင်တန်းများသို့ တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဂျာမနီနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အထောက်အကူပေးနိုင်ရေး ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဂျာမနီသံရုံးမှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


