ပုသိမ် ၂၀ ဖေဖော်ဝါရီ 

 

ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရေးအတွက် မော်တင်စွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင် ကူညီကြစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။ 

 

1

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းကမ်းခြေတွင် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အကြိုဖျော်ဖြေပွဲ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 

2

 

"ဒေသဖွံ့ဖြိုးရေးကို အစိုးရနဲ့ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒေသခံပြည်သူများ ပူးပေါင်းကူညီကြပါ။ လိုအပ်တာရှိရင်လည်း ကျွန်တော်ဆီစာရေးသားပြီး ဆွေးနွေးတိုင်ပင်နိုင်သလို တိုင်လည်းတိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ ဥပဒေလမ်းကြောင်းအတိုင်း ပြည်သူအကျိုးကို ဦးလည်မသုန် ထမ်းရွက်နေပါတယ်" ဟု ဝန်ကြီးချုပ်က ပြောသည်။ 

 

ထို့နောက် မော်တင်စွန်းကမ်းခြေ ဒေသဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရွှေကြိုင်က ''နိုင်ငံတကာရှိ အပန်းဖြေကမ်းခြေများနည်းတူ မော်တင်စွန်းကမ်းခြေအား အများပြည်သူ အသုံးပြုနိုင်မည့် ကမ်းခြေပတ်လမ်းများ ဖောက်လုပ်ခြင်း၊ ခရီးသွား ပြည်သူများ အဆင်ပြေစေရန်အတွက် နိုင်ငံတကာအဆင့်မီ ဟိုတယ်များ ဆောက်လုပ်ခြင်း၊  ဒေသခံပြည်သူများအတွက် လိုအပ်သည့် ဆေးရုံဆေးခန်းများနှင့် ဒေသထွတ်ကုန်များဖြစ်သည့် ငါးပုဇွန်များကို အလွယ်တကူရောင်းချနိုင်မည့် ငါးဈေးကြီးများပါ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း''  ပြောကြားသည်။ 

 

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပြည်သူများ၏ ဆန္ဒသဘောထားများကို မေးမြန်းခဲ့ရာ ဒေသခံပြည်သူတစ်ဦးမှ ကမ်းခြေဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည့်အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရအဖွဲ့နှင့် မော်တင်စွန်းကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ 

 

သမိုင်းဝင် မြတ်မော်တင်စွန်း စေတီတော်ကြီးအား တစ်နှစ်ပတ်လုံး စည်ကားသိုက်မြိုက်စွာဖြင့် ပြည်သူများ အလွယ်တကူ သွားရောက်ဖူးမြော်နိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝများ မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပါဝင်မည့် မော်တင်စွန်းကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီအား ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မော်တင်စွန်းကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လာရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး  မော်တင်စွန်းကမ်းခြေ တည်ထားကိုးကွယ်ထားသည့် သမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်နှစ်များက ၁၅ ရက်သာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် တစ်လတိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)